News

POST TYPE

NEWS

တရုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ဘရာဇီးနိုင်ငံတွင် စမ်းသပ်မှုအရ ၅၀ ရာခိုင်နှုန်းသာ ထိရောက်
14-Jan-2021


ဘရာစီးလီးယား၊ ဇန်နဝါရီ ၁၃ 

တရုတ် Sinovac ကုမ္ပဏီထုတ်  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံတွင် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရာ ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာ ထိရောက်မှုရှိသည်ဟု သုတေသနပညာရှင်များ နောက်ဆုံးထုတ်ပြန်သည့်ရလဒ်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

ယခုထုတ်ပြန်သော ရလဒ်အောင်မြင်မှုသည် ယခင်ထုတ်ပြန်ခဲ့သော ထိရောက်မှုရာခိုင်နှုန်းထက် နိမ့်ကျနေပြီး အတည်ပြုချက်ရရှိရန် လိုအပ်သော အနိမ့်ဆုံး ထိရောက်မှု ၅၀ ရာခိုင်နှုန်းထက် ကျော်သည်ဆိုရုံမျှသာရှိသည်။

တရတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးသည် ဘရာဇီးနိုင်ငံ အသုံးပြုမည့် ကာကွယ်ဆေးနှစ်မျိုးထဲမှ တစ်ခုဖြစ်သည်။

ဘရာဇီးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုဒဏ်ကို အဆိုရွားဆုံးခံရသည့် နိုင်ငံများထဲမှ တစ်နိုင်ငံလည်းဖြစ်သည်။

တရုတ်နိုင်ငံဘေဂျင်းမြို့ အခြေစိုက် Sinovac ကုမ္ပဏီမှ ထုတ်လုပ်မည့် ကိုဗစ်ကာကွယ်ဆေးကို CoronaVac ကိုဗစ်ကာကွယ်ဆေးဟု အမည်တပ်ဖြန့်ချိသွားမည်ဖြစ်သည်။

အင်ဒိုနီးရှား၊ တူရကီနှင့် စင်ကာပူအပါအဝင် အခြားနိုင်ငံအမြောက်အမြား CoronaVac ကိုဗစ်ကာကွယ်ဆေးကို မှာယူထားကြပြီးဖြစ်သည်။

ဘရာဇီးနိုင်ငံရှိ ဘူတန်တန် ဇီဝသုတေသနအဖွဲ့သည် အဆိုပါ CoronaVac ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်စစ်ဆေးနေသောအဖွဲ့ဖြစ်ပြီး လွန်ခဲ့သောတစ်ပတ်တွင် ကာကွယ်ဆေးသည် ရောဂါအပျော့စားမှစ၍ ရောဂါပြင်းထန်သူများအထိ ၇၈ ရာခိုင်နှုန်း ထိရောက်စွာကာကွယ်နိုင်သည် ဟု ထုတ်ပြန်ခဲ့ကြသည်။

သို့သော် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အသစ်ထုတ်ပြန်ချက်အရ ယခင်ထုတ်ပြန်ခဲ့သော ၇၈ ရာခိုင်နှုန်း ကာကွယ်နိုင်သည်ဆိုသည်မှာ ဆေးကုသမှုခံယူရန် မလိုအပ်သောရောဂါ လက္ခဏာအလွန်ပျော့ပြောင်းသော ကိုဗစ်လူနာများကို ထည့်တွက်ထားခြင်းမရှိကြောင်း သိရသည်။ 

ထို့ကြောင့် လက်ရှိတွင် အဆိုပါ CoronaVac ကိုဗစ်ကာကွယ်ဆေး၏ ထိရောက်မှု ရာခိုင်နှုန်းမှာ ၅၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိနေရခြင်းဖြစ်သည်ဟု သုတေသီများကထုတ်ပြန်ရှင်းလင်းခဲ့သည်။

F-05