News

POST TYPE

NEWS

တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်ပြီးနောက် Youtube ကပါ ဒေါ်နယ်ထရမ့် အကောင့်ကို ပိတ်ပင်
14-Jan-2021


ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၁၃

ပြီးခဲ့သောအပတ်က ဖြစ်ပွားခဲ့သော အမေရိကန် ကက်ပီတယ်လ်လွှတ်တော်အဆောက်အုံတွင် ထရမ့်ထောက်ခံသူများ ဆူပူသောင်းကျန်းခဲ့သောဖြစ်ရပ်ကြောင့် ဂူဂဲလ်ကုမ္ပဏီပိုင်ဆိုင်သော Youtube တွင်လည်း ဒေါ်နယ်ထရမ့်၏ အကောင့်ကို ပိတ်ပင်ခဲ့သည်ဟု DW သတင်းဌာနက ဖော်ပြသည်။

အခြား လူမှုကွန်ရက်များ၊ အွန်လိုင်းအဖွဲ့အစည်းလုပ်ငန်းများနှင့် ကုမ္ပဏီများသည်လည်း ထရမ့်ကြောင့် ဆူပူမှုများထပ်မံဖြစ်ပေါ်မည်စိုးသဖြင့် ဒေါ်နယ်ထရမ့်ကို ရာသက်ပန်ပိတ်ပင်ခြင်း သို့မဟုတ် ယာယီပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြပြီ ဖြစ်ပြီး Youtube ဗီဒီယိုမျှဝေသည့် ကွန်ရက်သည်လည်း ထရမ့်ကို ယာယီပိတ်ပင်ခဲ့ပြီဖြစ်သည်။

“လက်ရှိတွင် ဖြစ်ပေါ်လျက်ရှိသော ဆူပူမှုများ ထပ်မံဖြစ်ပေါ်နိုင်မည်စိုးသဖြင့် Donald J.Trump အကောင့်မှ ထပ်မံတင်ထားသောဗီဒီယိုများကို Youtube စည်းမျဉ်းဥပေဒေ ဖောက်ဖျက်မှုဖြင့် ပိတ်ပင်ခဲ့ပြီ ဖြစ်သည်”ဟု Youtube ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ထရမ့်၏ အကောင့်တွင် ဗီဒီယိုသစ်ထပ်မံတင်ခြင်းကို ၇ ရက်အများဆုံး ပိတ်ပင်သွားမည်ဖြစ်သည်” ဟု Youtube က ထုတ်ပြန်ခဲ့သည်။

လုံခြုံရေးစိုးရိမ်မှုများကြောင့် ထရမ့်အကောင့်ရှိ ဗီဒီယိုများတွင် မှတ်ချက် (Comment) ပေးခြင်းကိုလည်း Youtube က အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သောတစ်ပတ်တွင် Facebook ကုမ္ပဏီက ထရမ့်၏ Instagram နှင့် Facebook အကောင့်နှစ်ခုလုံးကို ပိတ်ပင်ခဲ့သည်။

အခြား အွန်လိုင်းလူမှုကွန်ရက်များဖြစ်သော Snapchat နှင့် Amazon ကုမ္ပဏီပိုင် Twitch တို့ကလည်း ထရမ့်အကောင့်ကို ပိတ်ချခဲ့ကြသည်။

တွစ်တာသည် ထရမ့်အကောင့်ကို ပိတ်ချယုံသာမကဘဲ အကောင့်ကိုပါ ဖျက်ချပစ်ခဲ့သည်။ တွစ်တာတွင်မူ ထရမ့်သည် ၎င်း၏ အတွေးများ၊ မူဝါဒဖြန့်ချိမှုများနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကိုပါ ၎င်းထောက်ခံသူများနှင့် ပြောဆိုလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲသည် ကြိုတင်ကြံစည်ထားပြီး မမှန်ကန်ကြောင်း ထရမ့် မဟုတ်မမှန် စွပ်စွဲတင်ထားခဲ့သော စာများကိုပါ တွစ်တာက လိုက်လံဖျက်ချလျက်ရှိသည်ဟု သိရသည်။   

F-05