News

POST TYPE

NEWS

အမေရိကန်ပြည်ထောင်စုတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၄၅၀ဝ ထိ စံချိန်တင်မြင့်တက်
14-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ 

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၄၅၀ဝ အထိ စံချိန်တင်မြင့်တက်သွားကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ထုတ်ပြန်သည့်စာရင်းဇယားများကို AFP သတင်းဌာနက ကိုးကားဖော်ပြသည်။ 

အဆိုပါ ၂၄ နာရီအတွင်း သေဆုံးသူပမာဏသည် အမေရိကန်ပြည်ထောင်စု၌ ကပ်ရောဂါ စတင်ကူးစက်ပြန့်ပွားခဲ့သည့် အချိန်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း၊ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀ဝ၀ အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးကြောင်း သတင်းကဆိုသည်။ 

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ဇန်နဝါရီလ ၁၂ ရက် ရေတွက်ချက်အရ ကုန်ခဲ့သည့် ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စု၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၅,ဝဝဝ ဦးရှိခဲ့သည်။ 

လက်ရှိအနေအထားတွင် အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရသူ ၁၃၁,ဝဝဝ ဦးရှိသည်ဟု COVID Tracking Project ကဆိုသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း၊ အထူးသဖြင့် နိုဝင်ဘာလမှစ၍ ဗိုင်းရပ်စ်ကူးစက်မှုများ သိသိသာသာမြင့်တက်လာရာ ယခုအခါ စံချိန်တင်မြင့်တက်သည့်အနေအထားသို့ ရောက်ရှိနေခြင်းဖြစ်သည်။ 

အမေရိကန်အစိုးရ အာဏာပိုင်များက နိုဝင်ဘာလကုန်ပိုင်းကကျရောက်သော ကျေးဇူးတော်နေ့ ရုံးပိတ်ရက်အတွင်း ခရီးမသွားကြရန် ယင်းရက်မတိုင်ခင်ကတည်းက သတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း အမေရိကန်ပြည် နိုင်ငံသားအတော်များများမှာ စကားနားမထောင်ဘဲ ခရီးသွားခဲ့ကြသည်။ 

သို့အတွက်ကြောင့် နိုဝင်ဘလကုန်ပိုင်းမှစ၍ ယနေ့အထိ ကူးစက်မှုရော သေဆုံးမှုနှုန်းပါ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် ကပ်ရောဂါ စတင်ကူးစက်ဖြစ်ပွားချိန်မှစ၍ ယနေ့အထိ ကူးစက်ခံရသူပေါင်း ၂၂ ဒသမ ၉ သန်းကျော်နှင့် သေဆုံးသူ ၃၈၁,ဝဝဝ ခန့်ရှိကြောင်းသိရသည်။

F-01