News

POST TYPE

NEWS

ကြံ့ခိုင်ရေးပါတီ၏ရှင်းလင်းပွဲများ မှန်ကန်မှုမရှိပါက UEC အနေနှင့် တရားစွဲနိုင်ဟုဆို
14-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုမှုတွေ မှားယွင်းပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့ တရားစွဲဆိုနိုင်တယ်လို့ ရန်ကုန်တိုင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းစိုး ကပြောပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

"သတင်းစာရှင်းလင်းပွဲတွေ ဆန္ဒဖော်ထုတ်တာတွေလုပ်နေတာ မမှန်ဘူးထင်ရင် ခေါ်စစ်လိုက်ပါလား။ တရားစွဲလိုက်၊ စွဲလိုက်ရင် သက်သေနဲ့အတူပြန် ရှင်းမှာ၊ မစွဲဘဲနဲ့ ပြန်လည်းမပြောဘူး နားလည်းမထောင်ဘူး။ လုပ်ချင်တာလုပ်နေတာ ဒါဒီမိုကရေစီလို့ ခေါ်မလား" လို့ ရန်ကုန်တိုင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသအသီးသီးရှိ မြို့နယ်တွေမှာ မဲမသမာမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခြင်းနဲ့ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ပေ မယ့် UEC အနေနဲ့ ပြန်လည်ဖြေရှင်းမှုမရှိဘူးလို့ ဦးဝင်းစိုးက ပြောပါတယ်။

ရွေးကောက်ပွဲတစ်ခုရဲ့ အရေးကြီးဆုံးလုပ်ဆောင်ရတဲ့အရာ မဲစာရင်းဖြစ်ပေမယ့်လည်း ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ မဲမသမာမှုတွေဖြစ်ခဲ့တာကို တပ်မတော်ကလည်း ထုတ်ပြန်သလို USDP ကလည်း ဖော်ပြနေတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်တယ်လို့လည်း တိုက်ကြီးမြို့နယ်မှ USDP ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောပါတယ်။

"တိုက်ကြီးမြို့နယ်မှာ အသက်တစ်ရာကျော် ၁၀၅ ယောက်ရှိတယ်၊ မဲမသမာမှုဖြစ်စဉ်ကိုကြည့်ရင် မဲပေးခွင့် နှစ်သိန်းရှိတဲ့နေရာမှာ မဲမသမာမှုဖြစ်စဉ် ၉၂,၂၃၇ ယောက်ရှိတယ်" လို့ ဦးခင်မောင်မြင့်က ထောက်ပြပါတယ်။

အဲဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မြို့နယ်ကို ကိုယ်စားပြုပြီး ရှင်းလင်းပွဲပြုလုပ်တာဖြစ်ပါတယ်။ 

လက်ရှိမှာ USDP ပါတီက ရန်ကုန်တိုင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်အနက် ၂၈ မြို့နယ်ရှိ မဲမသမာမှုဖြစ်စဉ်များကို စိစစ်ပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းစိုး ကပြောပါတယ်။

လက်ရှိအခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းပေးရေးအတွက် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံရခြင်းနဲ့ တရားစွဲဆိုခံရတာတွေလည်း ရှိနေပါတယ်။

တပ်မတော်အနေနဲ့လည်း တပ်မတော်သားတွေ ဆန္ဒမဲပေးခဲ့တဲ့မြို့နယ်တွေက မဲစာရင်းတွေကို စိစစ်ထုတ်ပြန်ခဲ့တာ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ၁၆ ကြိမ်ရှိခဲ့ပြီးဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပျက်ပြားစေဖို့နဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံတဲ့သဘော သက်ရောက်စေတဲ့ သဘောထားထုတ်ပြန်ချက်တွေနဲ့ အလားတူဆောင်ရွက်ချက်တွေကို နိုင်ငံရေးပါတီတွေကဖြစ်စေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြဖို့ အသိပေးစာထုတ်ပြန်ထားတာလည်း ရှိပါတယ်။ 

အေးချမ်းသူ (VOM)