News

POST TYPE

NEWS

တရုတ်လုပ်ငန်းရှင်ပြန်သွား၍ တစ်သျှူးငှက်ပျောလုပ်သားများ လုပ်အားခ ဆုံးရှုံး
14-Jan-2021


မြစ်ကြီးနား၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျောစိုက်ပျိုးတဲ့လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေက လုပ်အားခမရှင်းဘဲ ပြန်သွားလို့ အလုပ်သမားတွေ အခက်အခဲဖြစ်နေပါတယ်။ 

ဝိုင်းမော်မြို့နယ်အတွင်းမှာ စဉ်ကြိုင်ကုမ္ပဏီရဲ့ ငှက်ပျောလုပ်ငန်းက အလုပ်သမားအဖွဲ့ ၁၆ ဖွဲ့ဟာ အလုပ်သမား ၅၂ ဦး အတွက် လုပ်အားခ သိန်း ၁၀ဝ၀ လောက် မရလိုက်ဘူးလို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းက ဘော်လားကုမ္ပဏီရဲ့ တစ်သျှူးငှက်ပျောလုပ်ငန်းက အလုပ်သမား ၂၉ ဦးလည်း တရုတ်ငှက်ပျောသူဌေး ပြန်သွားလို့ လုပ်အားခမရဘဲ အခက်ကြုံနေရတာပါ။

သူတို့ရဲ့ လုပ်အားခတွေ ပြန်ရနိုင်ဖို့ လအတန်ကြာ စောင့်ဆိုင်းနေရတာမို့ နီးစပ်ရာ တောင်ယာလုပ်ငန်းနဲ့ နေ့စားလုပ်ငန်းတွေအဖြစ် ဝင်လုပ်ရင်း စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းကတော့ "အဲ့ဒီလို တရုတ်သူဌေးပြန်သွားလို့ လုပ်အားခမရတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တရုတ်လုပ်ငန်းရှင်နဲ့ အတူလုပ်ကိုင်တဲ့ ကုမ္ပဏီပိုင်ရှင်ကို တာဝန်ခံခိုင်းရမှာ"လို့ ဆိုပါတယ်။ 

တစ်သျှူးငှက်ပျော အလုပ်သမားတွေ လုပ်ခမရလို့ ၂၀၁၉ ခုနှစ်မှာ အမှု ၂၀ ကျော်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ အမှု ၅၀ ကျော် တိုင်ကြားထားပါတယ်။ အမှုတစ်ခုမှာ အလုပ်သမားဦးရေ ၄၀ ကျော် ၅၀ ဝန်းကျင် ပါဝင်နေတာပါ။ တိုင်ကြားခံရတဲ့ကုမ္ပဏီကလည်း ၅၀ ကျော်ရှိတယ်လို့ ကချင်ပြည်နယ် လ.ဝ.က ဝန်ကြီးက ပြောပါတယ်။ 

တိုင်ကြားခံရတဲ့ တစ်သျှူးငှက်ပျောလုပ်ငန်းအများစုက တရားမဝင်လုပ်ငန်းတွေဖြစ်ပြီး ကချင်ပြည်နယ်မှာ Green Card (GC) ကိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်သျှူးငှက်ပျောလုပ်ငန်း ရှစ်ခုရှိတယ်လို့ သိရပါတယ်။  

ရန်အောင်ထွန်း (VOM)