News

POST TYPE

NEWS

အဂတိကော်မရှင် သုံးနှစ်ကျော်သက်တမ်းအတွင်း နိုင်ငံရေးရာထူးအမှု နှစ်ခုသာရှိ
14-Jan-2021


ပဲခူး၊ ဇန်နဝါရီ ၁၃

လက်ရှိအာဏာရ NLD ပါတီ ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရအဖွဲ့လက်ထက်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သုံးနှစ်ကျော်ကာလအတွင်း အဂတိမှုနဲ့ အရေးယူဆောင်ရွက်ခဲ့သော နိုင်ငံရေးရာထူးအမှု နှစ်မှုသာရှိတယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပြပါတယ်။

"တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းတရားသူကြီးချုပ်ပါ။ ရန်ကုန်က အောင်ရဲထွေးအမှုက ဦးဟန်ထူးနဲ့ တနင်္သာရီက ဒေါက်တာဒေါ်လဲ့လဲ့မော်တို့ပါ။ အဆင့်မြင့်အရာရှိတွေ ပါတယ်ဆိုပေမယ့် နိုင်ငံရေးရာထူးနဲ့ကတော့ နှစ်ဦးပဲရှိခဲ့ပါတယ်"လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးက ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးအောင်ကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းသုံးနှစ်ကျော်ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုမှု ၁၅၇ မှုရှိခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့က အမှုဖွင့် အရေးယူခံရသူဟာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အထွေထွေမန်နေဂျာ ဦးစိုးပိုင် ဖြစ်တယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သက်တမ်းသုံးနှစ်အတွင်း အမှုဖွင့်ခံရသူတွေဟာ ၂၀၁၈ ခုနှစ်မှာ ၄၆ ဦး၊ ၂၀၁၉ ခုနှစ်မှာ ၈၁ ဦးနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ၃၀ ဦးဖြစ်ပြီး နိုင်ငံရေးရာထူးနှစ်ဦး၊ အဆင့်မြင့်အရာရှိကြီး ၁၂ ဦး၊ အရာထမ်းငယ် ၅၁ ဦးနဲ့ အမှုထမ်း ၆၅ ဦးအပြင် ပြည်သူ့ ဝန်ထမ်း ၉ ဦးနဲ့ ပြင်ပလူပုဂ္ဂိုလ် ၁၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ကော်မရှင်အနေနဲ့ သုံးနှစ်ကျော်ကာလမှာ ရောက်ရှိလာတဲ့ တိုင်ကြားစာပေါင်း ၂၅,ဝဝဝ ကျော်ရှိတဲ့အထဲက ကော်မရှင်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကော်မရှင်ရုံးခွဲတွေကို ပြန်လည်လွှဲပြောင်းပေးထားခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဟောင်း ဦးအောင်ကြည်နေရာမှာ ယခင်အတွင်းရေးမှူး ဦးစန်းဝင်းက တာဝန်ယူဆောင်ရွက်နေတယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး ပြောပြချက်အရ သိရပါတယ်။ 

ကောင်းလကျာ် (VOM)