News

POST TYPE

NEWS

ကိုဗစ်ကြောင့် ထိုင်းရောက် မြန်မာလုပ်သား‌အချို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် အခက်ကြုံ
14-Jan-2021


ပဲခူး၊ ဇန်နဝါရီ ၁၃ 

ကိုဗစ်ကာလမှာ Passport (နိုင်ငံကူးလက်မှတ်) သက်တမ်းတိုးဖို့နဲ့ CI (လုပ်ငန်းခွင်ကျွမ်းကျင်မှုလက်မှတ်) သက်တမ်းတိုးရမယ့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ အခက်အခဲကြုံနေရတယ်လို့ မြန်မာ‌ရွှေ့ပြောင်းအလုပ်သမားများအရေး ‌ဆောင်ရွက်နေသူတွေ ပြောပြချက်အရ သိရပါတယ်။

"ဗီဇာသက်တမ်း ၂ နှစ်ကလည်း ပြည့်ခါနီးနေပြီ၊ CI သက်တမ်းက ခြောက်လလောက်ကျန်သေးပေမယ်လို့ တစ်ပြိုင်တည်းလုပ်ရမယ့် အနေအထားဆိုတော့ နည်းနည်းခက်သွားတယ်။ ဆခုန်ပကန် မလုပ်ထားသူဆို ကိုဗစ်-၁၉ စစ်ဆေးခ ထပ်ပြီးပေးရမယ်ဆိုတဲ့အခါကျတော့ ဘတ်ကိုး‌ထောင်ကျော်ကုန်ပြီ။ ကျွန်တော်တို့က တာဝန်ရှိသူတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ အော်ရုံပဲတတ်နိုင်တယ်"လို့ အလုပ်သမားအခွင့်အရေး ကွန်ရက် MWRN မှ ဒါရိုက်တာ ဦးစိန်‌ဌေးက ပြောပြပါတယ်။

ဗီဇာသက်တမ်းရှိတဲ့ အလုပ်သမားတစ်ဦးဟာ အရင်က CI သက်တမ်းတိုးမယ်ဆိုရင် ကိုဗစ်စစ်ဆေးခမပါတဲ့အတွက် ဘတ်သုံးထောင်လောက် သက်သာပြီး လက်ရှိအနေအထားမှာ ကုန်ကျမယ့်ငွေဟာ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ကျပ်သုံးသိန်းခွဲနီးပါး ရှိနေတယ်လို့ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအချို့က ပြောပါတယ်။

"အွန်လိုင်းစနစ်နဲ့ လျှောက်ရမှာဆိုတော့ မထူးပါဘူးဆိုပြီး CI သက်တမ်းတိုးတာကို ပွဲစားနဲ့လုပ်လိုက်တယ်။ ငွေပိုကုန်တာမျိုးရှိပေမယ့် အလုပ်မရှုပ်တော့ဘူး"လို့ ဆမွန်ဆာခွန်ခရိုင်မှာရှိတဲ့ စက်ရုံတစ်ခုမှ အလုပ်သမတစ်ဦးက ပြောပြပါတယ်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကိုလည်း ကိုဗစ်ကာလမှာ ထိုင်းနိုင်ငံက ပန်းရောင်သက်သေခံကတ် လုပ်ပေးမယ်ဆိုပေမယ့် ကိုဗစ်ပိုးစစ်ဆေးခ၊ ကျန်းမာရေးအာမခံ၊ အခြားရောဂါ ခြောက်မျိုးစစ်ဆေးခ၊ ကတ်တန်ဖိုးနဲ့ပေါင်းမယ်ဆိုရင် ဘတ် ၉၀ဝ၀ ကျော်ကုန်ကျစရိတ် ရှိနေတာဖြစ်လို့ အဆင်မပြေသူတွေအတွက် ခက်ခဲနေတယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားအချို့ဆီကနေ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာဒုတိယပတ်ကစတင်ပြီး တစ်ကျော့ပြန် ကိုဗစ်ရောဂါပိုး စစ်‌ဆေးတွေ့ရှိမှု မြင့်တက်ခဲ့တာမှာ အထူးသဖြင့် ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်ရပ်က စက်ရုံအလုပ်ရုံတွေမှာ ပိုးတွေ့မှုများခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီရောဂါပိုးတွေ့သူ ထောင်နဲ့ချီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးပုံနှစ်ပုံနီးပါး ပါဝင်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ သုံးသန်းကျော်ရှိနေပြီး ကိုဗစ်ပထမလှိုင်းကာလက နေရပ်ပြန်သူ သိန်းနဲ့ချီရှိနေပေမယ့် အများစုဟာ ထိုင်းနိုင်ငံမှာပဲ ဆက်လက်လုပ်ကိုင်နေ ကြတာဖြစ်တဲ့အတွက် လတ်တလောအချိန်အထိ အထောက်အထားမဲ့နဲ့ အထောက်အထားရှိသူ မြန်မာလုပ်သားစုစုပေါင်း သုံးသန်းနီးပါးရှိနေသေးတာလည်း ဖြစ်ပါတယ်။ 

ကောင်းလကျာ် (VOM)