News

POST TYPE

NEWS

စဉ့်ကိုင်တွင် အမှိုက်မီးရှို့စက် တည်ဆောက်ရန် စီစဉ်
14-Jan-2021
မန္တလေး၊ ဇန်နဝါရီ ၁၃

စဉ့်ကိုင်မြို့နယ်၌ လာမည့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမှိုက်မီးရှို့စက် တည်ဆောက်ရန် စီစဉ်ထားသည်ဟု စဉ့်ကိုင်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အမှိုက်မီးရှို့စက်တည်ဆောက်နိုင်ဖို့အတွက် မြေနေရာကိုလည်း စဉ့်ကိုင်မြို့အနောက်ဘက်မှာ ယခင်ဘတ်ဂျက်နှစ်ကတည်းက ဝယ်ယူထားရှိပြီး ဖြစ်ပါတယ်။မန္တလေးတိုင်း စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုနဲ့အတူ လာမယ့်ဘဏ္ဍာနှစ်မှာ တစ်ရက်ကို အမှိုက် ၁၀ တန်ကျ အမှိုက်မီးရှို့စက်ကို တည်ဆောက်မှာဖြစ်ပါတယ်” ဟု စဉ့်ကိုင်မြို့နယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောကြားသည်။

လူနေသိပ်သည်းမှုများလာသည်နှင့်အတူ ထွက်ရှိလာသည့်အမှိုက်များကို လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းလမ်းများနှင့်အညီ တည်ဆောက်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ မြို့နယ်အတွင်းနေထိုင်သူများ အမှိုက်စွန့်ပစ်ရာ၌ အခက်အခဲဖြစ်နေမှုကို ဖြေရှင်းပေးနိုင်စေရေး စသည့်စိန်ခေါ်မှုများစွာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

“ကျွန်တော်တို့နယ်မှာ အမှိုက်ပြဿနာက အင်မတန်ကြီးပါတယ်။ အမှိုက်စွန့်ပစ်တဲ့နေရာအတွက်လည်း အခက်အခဲတွေရှိခဲ့တယ်လို့ သိရတယ်။အခုလို အမှိုက်မီးရှို့စက်ဆောက်ဖို့ လွှတ်တော်မှာ ဘတ်ဂျက်တင်ပြီး ဆောင်ရွက်မယ်ဆိုတော့ မြို့နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့အမှိုက်ပြဿနာကို အထိုက်အလျောက်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပလိပ်မြို့ခံတစ်ဦးက ပြောကြားသည်။

စဉ့်ကိုင်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၃၀ဝဝဝ ကျော် သုံးစွဲရန် ရေးဆွဲထားပြီးဖြစ်သည်။ 

S-02