News

POST TYPE

NEWS

ငါးနှစ်အတွင်း သစ်တောဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် အမှု ၁၀ဝ ကျော်ရှိ
14-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၁၃ 

သစ်တောဦးစီးဌာနအနေနှင့် ပြီးခဲ့သောငါးနှစ်အတွင်း ပြင်ဦးလွင်မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည့်အမှု ၁၂၇ မှုရှိကြောင်း မန္တလေးတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် လက်ရှိအချိန်အထိ သစ်တောကြိုးဝိုင်းကျူးကျော်လုပ်ကိုင်သူ၊ အခြေချနေထိုင်သူနှင့် တရားဝင်လုပ်ကိုင်ခွင့် ရရှိမှုအပေါ် စည်းကမ်းဖောက်ဖျက်သူများကို အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အမှု ၁၂၇ မှု အတွက် တရားစွဲဆိုခဲ့သူ ၂၁၀ ဦးအထိ ရှိခဲ့ကြောင်း မန္တလေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့် ကပြောကြားသည်။ 

လတ်တလောတွင် တရားရုံး၌ စစ်ဆေးရန် ကျန်ရှိနေသေးသောအမှု အရေအတွက် ၃၈ ခုဖြစ်ပြီး လူပုဂ္ဂိုလ် ၈၃ ဦး အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

“မြေဈေး မြင့်လာတာရယ်၊ ဒေသခံတွေကိုယ်တိုင် ပါဝင်လာတဲ့အခါ ကိုင်တွယ်ရခက်လာတယ်၊ အခု ပြင်ဦးလွင်က ပူနေပြီ၊ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းထိန်းသိမ်းရမှာပေါ့၊ ကျူးက ကိုင်တွယ်ရခက်တဲ့ အခြေအနေဖြစ်နေတာ”ဟု ဦးဇော်ဝင်းမြင့်က ဆက်လက်ပြောဆိုသည်။

သစ်တောမြေအတွင်း ဝင်ရောက်ကျူးကျော်သူများကို အဆောက်အအုံများ စတင်ဆောက်လုပ်စဉ် အချိန်ကတည်းက သတိပေးစာများ ပေးပို့ခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့သော်လည်း အချို့မှာ လိုက်နာခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်နေထိုင်မှုများရှိခဲ့ကြောင်း၊ သစ်တောကြိုးဝိုင်းအတွင်းမှ ကျူးကျော်သူများကို တရားရုံးက ဖယ်ရှားပေးရန် အမိန့်ချမှတ်ပြီး ဖြစ်သော်လည်း အချို့မှာလိုက်နာခြင်းမရှိ၍ ထပ်မံတရားစွဲဆိုရသော အမှုများလည်းရှိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

ပြင်ဦးလွင်တွင် မြေယာပြဿနာများစွာရှိပြီး သစ်တောမြေ အပါအဝင် မြေယာကျူးကျော်မှု ပုံစံအမျိုးမျိုးရှိနေကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးကိုကိုကြီးက ပြောဆိုသည်။ 

၂၀၁၈ ခုနှစ် သစ်တောဥပဒေ၊ ပုဒ်မ ၄၀ (က) အရ သစ်တောမြေအတွင်း ကျူးကျော်နေထိုင်သူများကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ဒဏ်ငွေကိုဖြစ်စေ ချမှတ်နိုင်ပြီး ပြစ်ဒဏ်နှစ်ရပ်စလုံးကိုလည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၄၀(ခ) အရ  ပြစ်မှုထင်ရှား၍ တရားစီရင်ပြီးပါက ပြစ်မှုနှင့်သက်ဆိုင်သည့် လူ၊ တိရစ္ဆာန်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို စီရင်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားစေကာ သစ်တောမြေကို ဌာနသို့ လက်ရောက်ပေးအပ်ရမည်ဟု ဖော်ပြထားသည်။ 

ဘုန်းမြတ်