News

POST TYPE

NEWS

တရုတ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆေးဝါးများကို ပထမအသုတ်အဖြစ် လှူဒါန်း
14-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၃

တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးသိန်းနှင့်အတူ ယွမ်ငွေသုံးသန်းတန်ဖိုးရှိ ဆေးပစ္စည်းများလှူဒါန်းမည်ဟု ကတိပြုထားပြီး ယခုပထမ အသုတ်အနေဖြင့် လှူဒါန်းခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကလက်ခံခဲ့သည်။ 

ယခုလှူဒါန်းသည့် ဆေးပစ္စည်းများ၏ တန်ဖိုးမှာ ယွမ်ငွေ ၂၅၀,ဝဝဝ တန်ဖိုးရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ ၃ သန်း တန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ် လည်းဖြစ်သည်။ 

ပေးအပ်လှူဒါန်းသည့် ဆေးပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် အထူးလေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပ ပြီးစီးပြီးနောက် ပထမဆုံးအဖြစ်ရောက်ရှိလာသည့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ 

COVID-19 ကပ်ရောဂါဖြစ်စဉ် တွင်လည်း မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အကူအညီများ ပေးအပ်ခဲ့သကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ကျန်းမာရေးပညာရှင်အဖွဲ့များ စေလွှတ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက စဉ်ဆက်မပြတ် ကူညီလျက်ရှိရာ COVID-19 ကာကွယ်ဆေး ၃ သိန်းကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆက်လက်ပေးအပ်မည့် ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများကို အသုတ်လိုက်ပေးပို့သွားမည်ဖြစ်သည်။ 

S-09