News

POST TYPE

NEWS

ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စိတ်ပိုင်းဖြတ်ချက်တို့သည် နောင် ၁၀ နှစ်ကြာလျှင် အဖြေပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
14-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၃ 

လက်ရှိတာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၏ အမြော်အမြင်နှင့် စိတ်ပိုင်းဖြတ်ချက်များသည် နောင် ၁၀ နှစ်အကြာ သက္ကရာဇ် ၂၀၃၀ တွင် ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"နောင် ၁၀ နှစ်အကြာ သက္ကရာဇ် ၂၀၃၀ မှာ မိမိတို့ ကရင်ပြည်နယ်ကြီးကို ဘယ်လိုအနေအထားမျိုး၊ ဘယ်လိုအဆင့်အတန်းမျိုး ဖြစ်နေတာကို မြင်ချင်ပါသလဲ၊ ဒီမေးခွန်းကို ဒီနေ့လက်ရှိ ကရင်ပြည်နယ်ရှိ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များရဲ့ အမြော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ချက်တွေက အဖြေပေးသွားမှာ ဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"ယခု လာမယ့် နှစ်သစ်က စတင်ပြီး ဆယ်စုနှစ်တစ်ခုစာအတွင်း လက်ရှိတာဝန် ရှိသူခေါင်းဆောင်များရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်များဟာ မိမိတို့ရဲ့ မျိုးဆက်လူငယ်များအပေါ်ထားရှိတဲ့ စေတနာ၊ မေတ္တာနဲ့ မျှော်မှန်းချက်တွေဖြစ်ပါတယ်။ အဲဒါတွေဟာ လာမယ့်သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်မှာ ထင်ထင်ရှားရှားတွေ့မြင်လာရမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေနှင့် ကရင်ပြည်နယ်မှစတင်၍ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖွံ့ဖြိုးရေးတို့ ဖြစ်ထွန်းရရှိစေလိုကြောင်း၊ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်သော မျိုးဆက်သစ်များ၊ မိမိခြေထောက်ပေါ် မိမိတို့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး နည်းပညာ လူ့အဖွဲ့အစည်းတွင် တန်းတူရည်တူ ရပ်တည်နိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူငယ်များ၏ အင်အားဖြင့် နိုင်ငံတည်ဆောက်ရေးကို ဆက်လက် ဆင့်ကမ်းဆောင်ရွက်သွား စေလိုပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

လာမယ့် ၂၀၃၀ ပြည့်နှစ်တွင် ကရင်ပြည်နယ်ကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိပြီး ခရီးသွားလုပ်ငန်းဗဟိုချက်တစ်ခု၊ ခေတ်မီ နယ်စပ်ကုန်သွယ် ရေးဇုန်ကြီးတစ်ခု၊ အထူးစိုက်ပျိုးရေးဇုန်၊ အထူးစက်မှုဇုန်ကြီးများနှင့် အထူးစီးပွားရေးဇုန်ကြီးများအဖြစ် ပေါ်ပေါက်လျက်ရှိ သည်ကို မြင်လို၊ တွေ့လို၊ လက်တွေ့ဖြစ်ပေါ်စေလိုသည်ဟု ဆိုသည်။

တပ်မတော်အနေနှင့် ကရင်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများနှင့် လက်တွဲကာ ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာ ကရင်ပြည်နယ်ဒေသ၊ ကရင်တိုင်းရင်းသားများ၏ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ လူမှုဘဝဖွံ့ ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်တို့အပေါ်အရင်းခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အစဉ်အလာကောင်းများကို ထာဝရတည်မြဲရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

S-08