News

POST TYPE

NEWS

ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုမပြုမီရက်များအတွင်း သေနတ်ကိုင်ဆန္ဒပြမှုကြီးများ ပေါ်ပေါက်လာနိုင်ဟု အမေရိကန် FBI သတိပေး
12-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ 

ပြီးခဲ့သည့် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော ဂျိုးဘိုင်ဒင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုမပြုမီ ရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် လက်နက်ကိုင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု အမေရိကန်လုံခြုံရေးအရာရှိများက သတိပေးပြောကြားလိုက် ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လတ်တလောထွက်ပေါ်နေသော သတင်းများအရ ပြည်နယ်ပေါင်း ၅၀ ရှိ လွှတ်တော်များအပါအဝင် မြို့တော် ဝါရှင်တန်ဒီစီတွင် သေနတ်ကိုင်ဆောင်သူ အင်အားစုများအုပ်စုဖွဲ့ကာ စုဝေးဆန္ဒပြကြရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။ 

လာမည့် ဇန်ဝါရီလ ၂၀ ရက်နေ့တွင် ဒီမိုကရက်ပါတစ်နိုင်ငံရေးသမား ဂျိုးဘိုင်ဒင်အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ရာ ယင်းနေ့မတိုင်ခင်ရက်များအတွက် ထရမ့်ကို ထောက်ခံသည့် အင်အားစုများက လက်နက်ကိုင်ချီတက် ဆန္ဒပြမှုများပြုလုပ်လာနိုင်ကြောင်း FBI က စိုးရိမ်တကြီး သတိပေးထားသည်။ 

ဇန်နဝါရီလ ၁၃ ရက်(ယနေ့)တွင် အောက်လွှတ်တော်မှ ဒီမိုကရက်များက သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင် အရေးယူနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်မည်ဟု ပြောကြားသည်။ ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်ကက်ပီတယ်လ်လွှတ်တော်ကို ဒေါ်နယ်ထရမ့်ထောက်ခံသူ လူရမ်းကား တစ်စုက ဝင်ရောက်စီးနင်းခဲ့သည်။ 

ဒီမိုကရက်များအဆိုအရ သမ္မတထရမ့်သည် အဆိုပါလွှတ်တော်အကြမ်း ဖက်စီးနင်းမှုကြီး ပေါ်ပေါက်အောင် သွေးထိုးလှုံ့ဆော်ခဲ့ခြင်းကြောင့် ၎င်းကို စွဲချက်တင်အရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။ 

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပလိုစီကမူ သမ္မတဒေါ်နယ်ထရမ့်သည် ဒီမိုကရေစီစနစ်၏ အန္တရာယ်ကြီးတစ်ရပ်ဖြစ်သည့်အတွက် ၎င်းအား စွဲချက်တင်အရေးယူရန် မဖြစ်မနေလုပ်ဆောင်သွားမည်ဟု ပြောကြားသည်။ 

အဆိုပါဖြစ်ရပ်ကြီးနှင့်ပတ်သက်၍ ယခင်ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဟောလိဝုဒ်သရုပ်ဆောင် အာနိုးရှဝါဇနက်ဂါးက ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့နှင့်တူညီကြောင်း နှိုင်းယှဉ်ပြောကြားသည်။ 

လူငါးဦးသေဆုံးစေခဲ့သည့် အဆိုပါ ကက်ပီတယ်လ်လွှတ်တော် စီးနင်းခံရမှုကြီး ဖြစ်ပေါပြီးနောက် သမ္မတထရမ့်၏ လူမှုကွန်ရက်အကောင့်ကို ရာသက်ပန် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Twitter က ကြေညာသည်။ ထို့အတူ လူမှုကွန်ရက်မီဒီယာကြီးတစ်ခုဖြစ်သော Facebook  ကလည်း ထရမ့်၏အကောင့်ကို အာဏာလွှဲပြောင်းမှုမပြီးဆုံးသေသရွေ့ ဆိုင်းငံ့ထားမည်ဟုဆိုသည်။        

F-01