News

POST TYPE

NEWS

ဒေါ်နယ်ထရမ့်နှင့် မိုက်ခ်ပင့်စ် ညီညွတ်ကြောင်းပြသ
12-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ 

ရာထူးမှဆင်းပေးရတော့မည့် သမ္မတဒေါ်နယ်ထရမ့်နှင့် ဒုတိယသမ္မတ မိုက်ခိုက်ပင့်စ်တို့သည် လက်ကျန်သက်တမ်းအတွင်း ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြရာ အောက်လွှတ်တော်က တောင်းဆိုသကဲ့သို့ ထရမ့်ကို ပင့်စ်က ဦးဆောင်ဖြုတ်ချရန် ဆိုသည်မှာ မဖြစ်နိုင်တော့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အိမ်ဖြူတော်၌ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ကြပြီးနောက် ဝါရှင်တန်ဒီစီတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ အရေးပေါ်အခြေအနေကြေညာကြောင်း ထရမ့်က ထုတ်ပြန်ခဲ့သည်။ 

သို့ဖြစ်ရာ အရေးပေါ်အခြေအနေမှာ ဂျိုးဘိုင်ဒင် သမ္မတဖြစ်ပြီးနောက် လေးရက်အထိ အကျုံးဝင်မည့်သဘောဖြစ်သည်။

ထရမ့်နှင့်ပင့်စ်အကြား အဆင်မပြေမှုများရှိနေသည်ဟု သတင်းထွက်နေသော်လည်း တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေခဲ့ကြောင်း အစိုးရအကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နှစ်ဦးတွေ့ဆုံရာ၌ လာမည့်ရက် သတ္တပတ်များအတွက် အစီအစဉ်များနှင့် လေးနှစ်တာ အစိုးရသက်တမ်းအတွင်း အောင်မြင်မှုများကို အဓိကဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ပြီးခဲ့သည့်အပတ်က ဥပဒေချိုးဖောက်ပြီး ကက်ပီတယ်လ်လွှတ်တော် အဆောက်အအုံကို ချိုးဖောက်ဝင်ရောက်သူများသည် အမေရိကပထမ လှုပ်ရှားမှုကို ကိုယ်စားပြုသူများ မဟုတ်ဆိုသည့်အချက်ကို နှစ်ဦးသဘောတူခဲ့သည်ဟုဆိုသည်။

ထရမ့်ထောက်ခံသူ လူရမ်းကားတစ်စုသည် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းပြီး ဖျက်စီးမှုများပြုလုပ်ခဲ့ရာ ဒီမိုကရေစီရှေ့ဆောင် အမေရိကန်နိုင်ငံအတွက် အရှက်ရစရာဖြစ်ခဲ့ရသည်။ ထိုသို့စီးနင်းခံရချိန်တွင် ဒုတိယသမ္မတ မိုက်ခ်ပင့်စ်မှာ လွှတ်တော်တွင်း ရှိနေခဲ့သည်။  အခြေခံဥပဒေအရ ဒုတိယသမ္မတသည် အထက်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်ရာ သမ္မတရွေးကောက်ပွဲတွင် ဘိုင်ဒင်အနိုင်ရကြောင်းအတည်ပြု သည့် အစည်းအဝေးကို ကြီးကြပ်ရန် လွှတ်တော်တက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ရေးတွင် အထက်လွှတ်တော်ဥက္ကဋ္ဌ အာဏာပါရှိသည့် ပင့်စ်ကို နောက်ဆုံးအားကိုးရာအဖြစ် ထရမ့်က မျှော်လင့်ခဲ့သော်လည်း ပင့်စ်က အခြေခံဥပဒေနှင့်မညီသည့် လမ်းကြောင်းပေါ်လျှောက်ရန် ငြင်းခဲ့သောကြောင့် နှစ်ဖက်အဆင်မပြေဖြစ်ခဲ့သည်ဟု  အစောပိုင်းသတင်းများထွက်ပေါ်ခဲ့သည်။

တစ်ဖက်တွင်လည်း အစိုးရအဖွဲ့ကို ဒုတိယသမ္မတကဦးဆောင်ပြီး သမ္မတသည် ရာထူးတာဝန်ထမ်းဆောင်ရန် သင့်လျော်သည့် အခြေအနေမရှိကြောင်း ကြေညာပေးရန် ဒီမိုကရက်များ လွှမ်းမိုးထားသော အောက်လွှတ်တော်၏ တောင်းဆိုမှုကို ပင့်စ်ကလက်မခံခဲ့ပေ။    

F-05