News

POST TYPE

NEWS

ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ်သင်တန်းများ ဖေဖော်ဝါရီလတွင် ဖွင့်မည်
12-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ နောက်ဆုံးနှစ်သင်တန်းများကို ဖေဖော်ဝါရီလ ၁၈ တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ကြေညာသည်။ 

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် ဘွဲ့ကြိုသင်တန်းများအားလုံးကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ပြီး ခေတ္တရပ်နားထားသည်။ 

သို့ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များကို ဆက်လက်လေ့ကျင့်မွေးထုတ်ရန်အတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(ခ) (၆/၂၀၁၉)နှင့် နောက်ဆုံးနှစ် ဘီဒီအက်စ် (၁/၂၀၂၀) (ပုံမှန်)သင်တန်းများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ရန် ကြေညာလိုက်ခြင်းဖြစ်သည်။ 

ယင်းကဲ့သို့ ပြန်လည်ဖွင့်လှစ်ရာတွင် ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းသာမက လူနာ  များနှင့်ထိတွေ့ဆက်ဆံပြောဆိုရမည်ဖြစ်သဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို တိကျစွာလိုက်နာရန် အလေးထား ဆောင်ရွက်မည်ဟု ကြေညာချက်တွင် ပါရှိသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် သင်တန်းများ ဖွင့်လှစ်ရာတွင် COVID-19 ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သလို အင်တာနက်အသုံးပြု Virtual စနစ်များဖြင့်လည်း တွဲဖက်သင်ကြားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

ယခုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအနေနှင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းများကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်ကြောင်း သတိပေး ပြောကြားထားသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်း စုစုပေါင်း ၁၃၆ မျိုး၌ တက်ရောက်နေသူပေါင်း ၃,ဝ၂၈ ဦးရှိသည်။

S-09