News

POST TYPE

NEWS

စစ်ကိုင်းတိုင်း၌ ၂၀၂၀ ပြည့်နှစ်အတွင်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့
12-Jan-2021


မုံရွာ၊ ဇန်နဝါရီ ၁၂  

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ တစ်နှစ်တာကာလအတွင်း မီးလောင်မှုကြောင့် ငွေကျပ် သိန်းခုနစ်ထောင်ကျော်ဖိုး ဆုံးရှုံးမှုရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

"ပြီးခဲ့တဲ့ ၂၀၂၀ မှာ မီးလောင်တဲ့ဖြစ်စဉ် အကြိမ်က ၂၂၆ ကြိမ်ရှိတယ်၊ တစ်နှစ်တာကာလရဲ့ မီးလောင်ဆုံးရှုံးတဲ့ တန်ဖိုးက ငွေကျပ်သိန်းပေါင်း ၇၅၅ ဒသမ ၅၀ ဖြစ်တယ်" လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ စစ်ကိုင်းတိုင်းအတွင်း မီးလောင်မှု ၂၂၆ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၃၃၅ လုံး၊ မီးဘေးသင့် လူဦးရေ ၈၁၈ ဦး၊ ထိခိုက်ဒဏ်ရာရ ၃၈ ဦး နဲ့ သေဆုံးသူ ၈ ဦးရှိတယ်လို့လည်း သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်တွေ စတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကလည်း ပေါ့ဆမီး၊ လျှပ်စစ်ဝါယာရှော့ခ်၊ သဘာဝမီးနဲ့ ရှို့မီးတွေကြောင့် လူနေအိမ်၊ အလုပ်ရုံ လုပ်ငန်းခွင် ၊ ကား ၊ ဆိုင်ကယ်နဲ့ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့ရေယာဉ်တွေ မီးလောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာ ခရိုင် ၁၀ ခရိုင်နဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး မီးဘေးအန္တရာယ်ကျရောက်တဲ့နေရာကို မီးသတ်ယာဉ်တွေ အချိန်မီ ရောက်ရှိငြှိမ်းသတ်နိုင်ဖို့အတွက် သန္ဓေမီးသတ်စခန်းတွေကို အချက်အချာကျတဲ့နေရာတွေမှာ တိုးချဲ့တည်ဆောက်ထားတာကြောင့် မီးလောင် တဲ့ ဖြစ်စဉ်တိုင်းမှာ ဆုံးရှုံးတဲ့တန်ဖိုး အရင်ကထက် နည်းပါးသွားတယ်လို့လည်း သိရပါတယ်။

ကိုတိုးကြီး (VOM)