News

POST TYPE

NEWS

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းထားသည့် ဗကသကျောင်းသားတစ်ဦးကို ရုံးထုတ်စစ်ဆေး
12-Jan-2021
မန္တလေး၊ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ဆန္ဒပြခဲ့ကြတဲ့ ဗကသကျောင်းသားတွေထဲက ဖမ်းမိထားတဲ့ ဘုန်းမြင့်ကျော်ကို ဇန်နဝါရီလ ၁၂ ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ 

ဘုန်းမြင့်ကျော်ဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ဇန်နဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တဲ့အတွက် အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၉ နာရီခွဲ မှာ ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ကျောင်းသားထု အခွင့်အရေး၊ ကာကွယ်ရေးတာဝန်ခံ ကိုဘုန်းမြင့်ကျော်ကို အမရပူရမြို့နယ် တရားရုံးနဲ့ အောင်မြေသာစံမြို့နယ် မြို့နယ်တရားရုံးမှာ နယ်မြေခံရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅ (က)-(ခ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အောင်မြေသာစံမြို့နယ် တရားရုံးက တရားခွင်စစ်ဆေးပြီး ဇန်နဝါရီ ၂၆ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုခဲ့တယ်လို့ တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် လှုပ်ရှားဆန္ဒပြခဲ့ကြလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသား ၁၅ ဦးရှိနေပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေသူ ၃၀ ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားအများစုကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅ (က)-(ခ) တို့နဲ့ တရားစွဲဆိုခဲ့တဲ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်းစုစီဥပဒေ ပုဒ်မ - ၁၉ တို့နဲ့ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့က အရေးယူခဲ့တာဖြစ်ပါတယ်။
       
ရှိုင်းအောင် (VOM)