News

POST TYPE

NEWS

ချောက်မြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ
12-Jan-2021


ချောက်၊ ဇန်နဝါရီ ၁၂ 

ချောက်မြို့ရှိ မြို့မဈေးတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနပေါင်းစုံ၊ လူမှုကူညီရေးအသင်းများ ပါဝင်သော မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 

မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များက မြို့မဈေးရှိ မီးသတ်စက်များနှင့်ဝန်ထမ်း၊ လုံခြုံရေးတို့နှင့်ပူးပေါင်းကာ လွယ်လင့်တကူအသုံးပြုတတ်စေရန်နှင့် မီးလောင်မှု ဖြစ်ပွားမှသာ လုပ်ဆောင်မည်ဆိုပါက အချိန်တိုအတွင်း လုပ်ဆောင်ရန် မလွယ်ကူသည့်အတွက် ယခုကဲ့သို့ ကြိုတင်ဇာတ် တိုက်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

"တပ်ဆင်ထားတာတွေက ရတော့ရတာပေါ့။ ဒါပေမဲ့လို့ ကျွန်တော်တို့ အနေနဲ့ကျတော့ ဖြစ်လာတဲ့အချိန်မှာ သူတို့လူတွေနဲ့ လွယ်လင့်တကူသုံးစွဲနိုင် ဖို့အတွက်ကတော့ လုပ်ရဦးမှာပေါ့။ ကျွန်တော်အနေနဲ့လည်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိနဲ့ ညှိနှိုင်းပြီးတော့ ခုလိုပွင့်လင်းရာသီအချိန်မှာတော့ ဒီစက်တွေ အရန်သင့်သုံးနိုင်အောင်လို့ သူတို့ကို စီမံဆောင်ရွက်ခိုင်းထားတယ်ဓဟု မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းက ပြော ဆိုသည်။ 

ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မနောဖြူ၊ ဥတ္တရလူငယ်၊ အရန်မီးသတ်၊ လူမှုကူညီရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ စသည်တို့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်းလည်း ဖြစ်သည်။ 

မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနပိုင် မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်နှစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးတို့ဖြင့် သရုပ်ပြလေ့ကျင့်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနထံမှ သိရသည်။ 

ချောက်မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက် ဂါလန် ၂၇၀ဝ ဆံ့ မြေအောက် ရေကန်နှစ်ကန်၊ ဂါလန် ၁၆၀ဝ ဆံ့ရေအုတ်ကန် တစ်ကန်၊ ‌မြို့ရေပေးဝေရေး သံရေကန်ကြီးတို့မှ တိုက်ရိုက်ရေစက်ငုတ် နှစ်ငုတ်အပါအဝင် မီးသတ်ရေပိုက်ငုတ်လေးငုတ်နှင့် မီးငြှိမ်း သတ်စက် (ရေစုပ်စက်အသေး) လေးလုံး စသည်တို့ ထားရှိသည်ဟု ယင်းမြို့မဈေးထံမှ သိရသည်။         

R-11