News

POST TYPE

NEWS

မဲစာရင်းအမှားယွင်းကိစ္စများကို တပ်ချုပ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဉ်ပြောကြား
12-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၂

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အမှားအယွင်းများရှိခဲ့သဖြင့် မဲမသမာမှုများရှိနိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

“ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်းနှင့် ပြုလုပ်ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းများနှင့် ပတ်သက်၍ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပြန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းကမ်း၊ ဥပဒေများ အတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများ” ကို တပ်မတာ်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် တပ်မတော် ဧည့်ခန်းဆောင်တွင် ဇန်နဝါရီလ ၁၂ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး မစ္စတာဝမ်ယိကို လက်ခံတွေ့ ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် ပတ်သက်၍ အဓိကပူးပေါင်းကာ စွမ်းရည်မြှင့်တင်ပေးမည့် ကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် COVID-19  ရောဂါစတင် ဖြစ်ပွားသည့် ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ် နိုင်ငံသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းကာ အပြန်အလှန် ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ဆက်လက် ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်းကူညီပေးသွား မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး အစိုးရခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် တို့နှင့်လည်းတွေ့ဆုံခဲ့သည်။

လက်ရှိတွင် တပ်မတော်က မဲစာရင်းမှားယွင်းနေသည့် မဲသမာမှုဖြစ်နိုင်သည့် စာရင်းများကို ထုတ်ပြန်လျက်ရှိနေပြီး ယင်းကိစ္စရပ်များဆွေးနွေးရန် တပ်မတော်က ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းကာ လွှတ်တော်အထူးအစည်းအဝေးခေါ်ရန် လက်မှတ်ရေးထိုးတောင်းဆိုထားသည်။

S -08