News

POST TYPE

NEWS

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းရမည်ဟု တပ်/ချုပ် ပြော
03-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၃

၂၀၂၀ ပြည့်နှစ်အလွန်ကာလတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

"ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်းသာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်ကလေးသူငယ်များရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မယ်ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလိုပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါ့မယ်လို့ ပြောကြားလိုပါတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်နိုင်ရန် အကြမ်းဖက်အုပ်စုအဖြစ် နိုင်ငံတော်က သတ်မှတ်ကြေညာထားသည့် နေရာများမှအပ တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစတင်၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၂ နှစ်ကြာ စစ်ရေးလှုပ်ရှားမှုများကို ရပ်နားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်နားထားကြောင်း တပ်မတော်သတင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ကတော့ အောက်ခြေအဆင့် ဆွေးနွေးမှုများရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေမှာ တပ်မတော်အကြီးအကဲက သီးခြားဆွေးနွေးရတာတွေရှိတယ်။ အစိုးရအနေနဲ့ သီးခြားဆွေးနွေးရတဲ့ လုပ်ငန်းစဉ်တွေရှိတယ်။ အစိုးရလည်းမဟုတ်၊ တပ်မတော် လည်းမဟုတ်ဘဲနဲ့ ကြားခံအဖွဲ့အစည်းတွေနဲ့လည်း သီးခြားဆွေးနွေးရတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်" ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ပူးပေါင်းပါဝင်လာစေရန် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချဉ်းကပ်မှုပုံစံအသစ်ဖြင့် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့် သွင်းပြောကြားထားသည်။

၂၀၂၀ အလွန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး နိုင်ငံရေးအနှစ်သာရပြည့်ဝသည့် ဘုံသဘောတူစာချုပ်ကို ဆွေးနွေးဖက်အားလုံးက လက်မှတ်ရေးထိုးကာ အဆင့်လိုက်လုပ်ငန်းစဉ်များ၊ အဆင့်လိုက်အကောင် အထည်ဖော်မှုများ ချမှတ်နိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) ကို လက်မှတ်ရေးထိုးချုပ်ဆိုထားသည်။

S-08