News

POST TYPE

NEWS

ကာကွယ်ရေးအသုံးစရိတ်ကို ထရမ့်ဗီတိုအာဏာသုံး ပယ်ချမှုအား လွှတ်တော်ကပြန်လည်ပယ်ဖျက်
02-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၂

ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ပြီးနောက် လွှတ်တော်က သမ္မတ၏ ဗီတိုအာဏာကို ကျော်လွန်နိုင်သော ထောက်ခံမဲအရေအတွက်ဖြင့် ပယ်ဖျက်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ယင်းမှာ ထရမ့်၏ သမ္မတသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ဗီတိုအာဏာ ပျက်ပြယ်သွားခြင်းဖြစ်သည်။ လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ် သုံးပုံနှစ်ပုံက ထောက်ခံမှုဖြင့်သာ သမ္မတ၏ ဗီတိုကို ပြန်လည်ပယ်ဖျက်နိုင်သည်။

အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တို့ လွှမ်းမိုးထားသည့်တိုင်း ရီပတ်ဘလစ်ကန်သမ္မတ၏ ဗီတိုအာဏာဖြင့် ကန့်ကွက်မှုကို ပြန်လည်ဆန့်ကျင်သည့် ဖြစ်စဉ်လည်းဖြစ်သည်။  

အောက်လွှတ်တော်တွင် မဲပေးပြီးဖြစ်သောကြောင့် ကျန်ရှိနေသည့် အထက်လွှတ်တော်က ဇန်နဝါရီလ ၁ ရက်နေ့တွင် အစည်းအဝေးခေါပြီး မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နှစ်သစ်ကူး၏ ပထမဆုံးနေ့တွင် လွှတ်တော်ခေါ်ခြင်းမှာလည်း ရှားပါးဖြစ်စဉ်ဟု ဆိုနိုင်သည်။

ဒေါ်လာ ၇၄၀ ဘီလီယံတန်ဖိုးရှိ  ဥပဒေကြမ်းသည် တစ်နှစ်စာကာကွယ်ရေးမူဝါဒ အသုံးစရိတ်လည်းဖြစ်သည်။ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်းရာထူးမှ ဆင်းပေးရတော့မည့်ထရမ့်သည် ဥပဒေကြမ်းရှိ အချို့အချက်များကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားကာကွယ်ရေးခွင့်ပြုချက် အက်ဥပဒေ(NDAA) အတွက် အထက်လွှတ်တော်တွင် ၈၃ မဲ - ၁၃ မဲဖြင့် ထရမ့်၏ ကန့်ကွက်ထားမှုကို ပယ်ဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်လွှတ်တော်သစ်မစမီ နှစ်ရက်အလိုတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ 

ထရမ့်သည် အာဖဂန်နစ္စတန်နှင့် ဥရောပမှစစ်သည်များ ရုပ်သိမ်းမှုကို ကန့်သတ်သည့်မူဝါဒများနှင့် စစ်စခန်းများမှ ကွန်ဖက်ဒရိတ်ခေါင်းဆောင်များ၏ အမည်များကို ဖယ်ရှားမည့်အစီအစဉ်များကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အထက်လွှတ်တော် ရီပတ်ဘလစ်ကန်လူများစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်က ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို ၅၉ နှစ်ဆက်တိုက် ပုံမှန်အတည်ပြုလာခဲ့ကြခြင်းဖြစ်ပြီး ယခုအနှစ် ၆၀ ပြည့်တွင်လည်း အတည်ပြုရန် လိုအပ်သည်ဟု မဲမခွဲမီပြောကြားခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက် နန်စီပယ်လိုစီကလည်း ထရမ့်၏ အဆင်ခြင်မဲ့ ဗီတိုအာဏာသုံးခြင်းသည် မိမိတို့စစ်သည်များအတွက် ထိခိုက်စေနိုင်သလို လုံခြုံရေးကိုလည်း ထိပါးနိုင်ကြောင်း၊ လွှတ်တော်မှ ပင်မနှစ်ပါတီစလုံး သဘောတူထားသည့် ဆန္ဒကို မလေးစားရာရောက်ကြောင်း ထရမ့်ကိုဝေဖန်ခဲ့သည်။ 

F-05