News

POST TYPE

NEWS

အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၂၀ ကျော်
02-Jan-2021


ဝါရှင်တန် ၊ ဇန်နဝါရီ ၂

အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့်အချိန်မှ ယခုအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၂၀ ကျော်လွန်ခဲ့ပြီဖြစ်သည်ဟု DW သတင်းဌာနတွင် ဖော်ပြသည်။

ယင်းပမာဏသည် ကမ္ဘာတစ်ဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း၏ လေးပုံတစ်ပုံ ပမာဏဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ်၏ စစ်တမ်းများအရ သိရပြီး အမေရိကန်ကန်ပြည်ထောင်စုတွင် နေထိုင်သူဦးရေ စုစုပေါင်း သန်း ၃၃၀ အနက် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် သေဆုံးမှုများ စုစုပေါင်း ၃၄၆,ဝဝဝ အထိရှိကြောင်းသိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ ဒသမ ၈ သန်း ထိုးပေးခဲ့ပြီး Covid-19 တိုက်ပွဲ ရှေ့တန်းတွင် တိုက်ခိုက်နေသော ကျန်းမာရေးလုပ်သားများ၊ သူနာပြုများကို ဦးစားပေးထိုးပေးခဲ့သည်ဟုလည်း သိရသည်။

ပြင်သစ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော် တရားမဝင်ဆင်နွှဲကျင်းပခဲ့သူ ၂၅၀ဝ နီးပါးကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများအပြားဖြစ်လာနိုင်သဖြင့် အာဏာပိုင်များ စိုးရိမ်လျက်ရှိကြကြောင်း ထုတ်ပြန်ခဲ့သည်။

ဘရစ်တ်နီဒေသ ရန်းနက်စ်မြို့တွင် ဖြစ်ပွားခဲ့သော အဆိုပါတရားမဝင်ပါတီပွဲကို ရဲများက လူစုခွဲခဲ့သော်လည်း ပါတီပွဲသွားသူများနှင့် ရဲများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရဲများ၏ လုပ်ရပ်မအောင်မြင်ခဲ့ပေ။

ရဲများက ဝင်ရောက်တားဆီးခဲ့သော်လည်း ပါတီပွဲသွားသူများမှ ကားများကို မီးရှို့၊ ရေသန့်ဘူးများ၊ ကျောက်ခဲများနှင့် ကြမ်းတမ်းစွာ ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါ တရားမဝင်ပါတီပွဲ သွားသူများတွင် ပြင်သစ်နိုင်ငံသားများ အပြင် ဗြိတိန်၊ စပိန် အစရှိသော နိုင်ငံခြားသားများလည်း အများအပြားပါဝင်ကြောင်း ရဲဌာနများက ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရန် ည ၈ နာရီအပြင် မထွက်ရအမိန့် ထုတ်ပြန်ထားသလို လူစုလူဝေး ဖြစ်ပေါ်စေမည့် အရာအားလုံးကို ပိတ်ပင်ထားသည်။ 

ပြင်သစ်နိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ ၂,၆၉၇,ဝ၁၄ ဦးနှင့် ကိုဗစ်ကြောင့် သေဆုံးသူ ၆၄,၈၉၂ ဦးအထိရှိပြီဖြစ်ကြောင်းကို အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ်အရ သိရသည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနှုန်း ဆက်လက်မြင့်တက်နေသောကြောင့် ကျန်းမာရေးဝန်ထမ်းများ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းမျိုး ဖြစ်နိုင်ခြေများနေကြောင်း ဗြိတိန်အရေးပေါ်တော်ဝင်ဆေးတက္ကသိုလ်က သတိပေးထုတ်ပြန်ခဲ့သည်။

တောင်အာဖရိကတွင် မကြာသေးမီက တွေ့ရှိထားသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူတစ်ဦး တောင်ကိုရီးယားနိုင်ငံတွင် တွေ့ရှိခဲ့သဖြင့် ပြည်သူများ social distancing စည်းမျည်းများဖြင့် နှစ်ပတ်ထပ်မံ နေထိုင်ရန် အစိုးရကထုတ်ပြန်ခဲ့သည်။ 

တောင်ကိုရီးယား၏ ဒုတိယအမြင့်ဆုံး social distancing စည်းမျဉ်းများကို ဆိုးလ်မြို့တွင် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ချမှတ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီး ကွမ်ဒက်ချွဲက ထုတ်ပြန်ပြောဆိုခဲ့သည်။ 

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၅၈,၄၂၈ ဦးနှင့် ထပ်မံသေဆုံးသူ ၇၆၂ ဦး အထိရှိကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇,၄၂၃,၉၄၅ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၈၉,၉၈၂ ဦး အထိရှိသည်။

ဩစတြေးလျနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၇ ဦးရှိပြီး စုစုပေါင်း ၂၀ဝ နီးပါး ကူးစက်ခံရသောကြောင့် New South Wales ပြည်နယ်တွင် နှာခေါင်းစည်း (Mask) မတပ်မနေရ အမိန့်ထုတ်ပြန်ခဲ့သည်။ 

ယင်းအမိန့်သည် ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်ပြီး နှာခေါင်းစည်း (Mask) မတပ်ပါက ဩစတြေးလျ ဒေါ်လာ ၂၀ဝ (အမေရိကန်ဒေါ်လာ ၁၅၄) ဒဏ်တပ်မည်ဖြစ်သည်။

F-05