News

POST TYPE

NEWS

ဥက္ကံ တဘူးလှဆည်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား
02-Jan-2021


ဥက္ကံ၊ ဇန်နဝါရီ ၂

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ၁၈ မိုင်ခန့် အကွာရှိ တဘူးလှဆည်အတွင်း စက်လှေများဖြင့် လာရောက်လည်ပတ်သူများ စည်ကားနေကြောင်း တဘူးလှကျေးရွာနေ ဒေသခံများ၏ ပြောပြချက်အရသိရသည်။

"လာတဲ့တွေက ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက်လာသလို ကားတွေနဲ့လည်း လာကြတယ်။ ကန်ထဲကိုတော့ စက်လှေနဲ့ သဘာဝရှုခင်းတွေ လိုက်ကြည့်သူတွေရှိသလို ဆည်ထဲမှာရှိတဲ့ ကျွန်းလှလှလေးတွေပေါ်မှာ အဖွဲ့လိုက်ပျော်ပွဲစားလာသူ တွေရှိတယ်။ ဝါးဖောင်ပေါ်က အိမ်လေးတွေ ပေါ်မှာလည်း ဈေးဆိုင်တွေရှိတာတွေရှိတော့ ခရီးသွားလည်ပတ်သူတွေ အကြိုက်တွေ့နေကြတယ်"ဟု တဘူးလှဆည်အတွင်း စက်လှေမောင်းသူ ဦးလူခင်က ပြောကြားသည်။

ရန်ကုန်နှင့်ဥက္ကံ နေ့ချင်းပြန်သွား၍ရသောကြောင့် အပန်းဖြေခရီးသွားရသည်မှာ အဆင်ပြေကြောင်း၊ တဘူးလှဆည်အတွင်း အလွန်သာယာလှပသောကြောင့် ခရီးသွားများကို ဆွဲဆောင်မှုရှိနေပြီး ဒုတိယအင်းလေးကန်ဟု ခရီးသွားများက တင်စားလျက်ရှိကြောင်း တဘူးလှကျေးရွာမှ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦး ကပြောဆိုသည်။

"ဒီလိုနေရာမှာ သဘာဝအလှတွေရှိတာ သူငယ်ချင်းတွေခေါ်လာလို့ သိရတာ။ မိသားစုလိုက်အပန်းဖြေစရာ သင့်တော်တဲ့နေရာတစ်ခုပါ။ တစ်နေကုန်လည်ရင်တောင် နေရာအနှံ့မစုံလောက်ဘူး။ အခုသူငယ်ချင်းတွေနဲ့လာတာ။ မိသားစုတွေကို ခေါ်လာရဦးမယ်"ဟု ရန်ကုန်မြို့မှ လာ ရောက်လည်ပတ်သူ ကိုကျော်ဇေယျက ပြောကြားသည်။

ဥက္ကံမြို့နှင့် ၁၈ မိုင်ခန့်ကွာဝေးပြီး ဥက္ကံသကြားစက်လမ်းမှ ကွန်ကရစ်လမ်းမကြီးအတိုင်း ကား၊ ဆိုင်ကယ်တို့ဖြင့်သွားပါက ပဲခူးရိုးမတောင်တန်းပေါ်ရှိ တဘူးလှဆည်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ဧရိယာစတုရန်းမိုင် တစ်သောင်းကျော်ကျယ်ဝန်းသည့် ယင်းနေရာတွင် သဘာဝကျွန်းငယ် များနှင့် ကျေးငှက်မျိုးစုံတို့မြင်တွေ့နိုင်ပြီး ညနေ နေဝင်ဆည်းဆာအလှနှင့် သာယာလှပသည့်ရှုခင်းများကြောင့် အလှဓာတ်ပုံရိုက်နိုင်သလို စက်လှေစင်းလုံးငှား၍ လှည့်လည်ကြည့်ရှုအပန်းဖြေနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

R-06