News

POST TYPE

NEWS

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံစံအသစ်ဖြင့် ဖော်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
02-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂

NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ပူးပေါင်းပါဝင်လာစေရန် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချဉ်းကပ်မှုပုံစံအသစ်ဖြင့် ဘက်စုံ ထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

"၂၀၂၀ အလွန်ငြိမ်းချမ်းရေးမှာ လုပ်ငန်းစဉ်ပိုင်းလို့ဆိုလိုက်တာနဲ့ တရားဝင်အစည်းအဝေးတွေရှိသလို၊ အလွတ်သဘောဆွေးနွေးမှုတွေ အရေးပါတာကိုလည်း လက်တွေ့ကြုံခဲ့ပြီးဖြစ်ပါတယ်။ အလားတူပါပဲ၊ အများပြည်သူပါ ပါဝင်ပတ်သက်ခွင့်ရှိရမယ့် လူထုအခန်းကဏ္ဍကိုလည်း အလေးထားပါတယ်၊ ဒါဟာ ပါဝင်ရမယ့်သူတွေအားလုံး အကျုံးဝင်ပါဝင်နိုင်အောင် လမ်းဖွင့်ပေးနိုင်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာလည်း မူဘောင်လမ်းညွှန်မှု၊ လိုအပ်တဲ့စုဖွဲ့မှု၊ စနစ်နဲ့ ယန္တရား တည်ဆောက်မှုစတဲ့ ဒီဇိုင်းပိုင်းကိုလည်း ကျွန်မတို့အာရုံစိုက်ရပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လာမည့်ငါးနှစ်တာကာလတွင် လက်တွေ့ အသက်ဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှအစ ပြည်သူများအပါအဝင် အဓိကအင်အားစုများ အားလုံး အကျေအလည်ညှိနှိုင်းနိုင်မည့် ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစဉ်းစားပြီး ကိုယ်စားပြုမှုဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှုအသစ်ကို အရှိန်အဟုန်ဖြင့်ဖော်ဆောင်သွားမည်ဟု ဒေါ်ဆောင်ဆန်းစုကြည်ကဆိုသည်။

၂၀၂၀ အလွန်ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး နိုင်ငံရေးအနှစ်သာရပြည့်ဝသည့် သဘောတူစာချုပ်ကို ဆွေးနွေးဘက်အားလုံးက လက်မှတ်ရေးထိုးကာ အဆင့်လိုက်လုပ်ငန်းစဉ်များ၊ အဆင့်လိုက်အကောင်အထည်ဖော် မှုများချမှတ်နိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို လက်မှတ်ရေးထိုးချုပ်ဆိုထားသည်။

"၂၀၁၆ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးဟာ ယခင်အစိုးရနဲ့ အချို့လက်နက်ကိုင်တပ်များ ရေးထိုးခဲ့တဲ့ NCA အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ခဲ့ရတဲ့အတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း တစ်ဆင့်ပြီးတစ်ဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ သဘောထားမတိုက်ဆိုင်မှုတွေကြောင့် တရားဝင်အစည်းအဝေးတွေ ရပ်ဆိုင်းသွားခဲ့ရတဲ့အခါမှာ အလွတ်သဘောဆွေးနွေးပွဲမြောက်များစွာကတစ်ဆင့် တရားဝင်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာအောင် ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်"ဟု ယခင်ကြုံခဲ့ရမှု များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ကရှင်းပြသည်။   
      
S-08