News

POST TYPE

NEWS

သောက်သုံးရေခက်ခဲနေသော ကျေးရွာဒေသခံများအတွက် ကျပ်သိန်း ၁၃၀ဝ ကျော်သုံးကာ စက်ရေတွင်းတူး
02-Jan-2021


ချောက်၊ ဇန်နဝါရီ ၂

ချောက်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှဒေသခံများ သောက်သုံးရေအခက်အခဲမဖြစ်စေရန်အတွက် ကျပ်သိန်း ၁၃၀ဝ ကျော်သုံးစွဲကာ စက်ရေတွင်း တူးဖော်ပေးလျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှသိရသည်။

ပြည်ထောင်စုဘတ်ဂျက်ငွေ ကျပ် ၁၃၂၄ သိန်းကျော်သုံးစွဲကာ လေးလက်မအကျယ်ရှိ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းဖြစ်သည့် ရေစင်၊ ရေစက်ရုံ၊ မော်တာနှင့် ပန့်တပ်ဆင်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ထို့အပြင် JICA စီမံကိန်းဖြင့် ကျေးရွာတစ်ရွာတွင်လည်း စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနထံမှသိရသည်။ 

သောက်သုံးရေ အခက်အခဲရှိနေသော ကန်ရေလေးကျေးရွာ၊ နလင်ကန်အနောက်ကျေးရွာ၊ လေးပင်ကုန်းကျေးရွာ၊ ဆယ်ကန်ကျေးရွာ စသည့်ကျေးရွာများအတွက် ပြည်ထောင်စုဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကံတောက်ကျောင်းကျေးရွာကိုမူ JICA စီမံကိန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ဆောင်မည်ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသက်နိုင်က ပြောဆိုသည်။ 

အဆိုပါ ကျေးရွာလေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ် ၆၃၃ သိန်းကျော်နှင့် တင်ဒါအောင်ကုမ္ပဏီမှ ရေစင်၊ ရေစက်ရုံ၊ မော်တာနှင့် ပန့်တပ်ဆင်ခြင်းလုပ်ငန်းတို့ကို ကျပ် ၆၉၁ သိန်းကျော် သုံးစွဲကာ ဆောင်ရွက်နေသည်ဟု ယင်းရုံးစာရင်းများအရ သိရသည်။ 

"တင်ဒါအောင်ကုမ္ပဏီက ရေစင်၊ ရေစက်ရုံလုပ်ရမယ်။ ပြီးလို့ရှိရင် အထဲမှာ အင်ဂျင်တို့၊ ဒိုင်နမိုတို့ ပန့်တို့ အမြင့်ပေ ၂၀၊ ရေဂါလန်၂၄၀ဝ ဆံ့ရေစင် ၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရော စက်ရုံတို့ကို ကုမ္ပဏီက တပ်ဆင်ရမယ်။ စက်ရေ တွင်းတူးတာက တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ငှားပြီးတူးတာ" ဟု ၎င်းက ရှင်းပြသည်။ 

ထို့အပြင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျပ်သိန်း ၆၅၀ ကျော်သုံးစွဲကာ ကျေးရွာငါးရွာ၌ မြေသားရေကန်များလည်း တူးဖော်လျက်ရှိသည်။             

R-11