News

POST TYPE

NEWS

မူဆယ်ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ခါလီကားများကို နှစ်ရက်အတွင်း အပြီးထုတ်ပေး
02-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်စည်ရောင်းချပြီးပြီဖြစ်သည့် ခါလီကားများကို နှစ်ရက်အတွင်းဇုန်အတွင်းမှ အပြီးထုတ်ပေးလျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

"ဒီနှစ်ရက်အတွင်း ခါလီကားတွေကို နှစ်နိုင်ငံကုန်စည်ဒိုင်အစီအစဉ်နဲ့ ကျင်ဆန်းကျော့ဂိတ်ပေါက်နဲ့ ပန်ဆိုင်းဂိတ်တွေက အဆက်မပြတ်ထုတ်နေပါ တယ်။ သက်ဆိုင်ရာပွဲရုံ၊ အေးဂျင့်တွေနဲ့ချိတ်ဆက်ပြီး ကားကြိုကြပါ" ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပွဲရုံများနှင့် အချိတ်အဆက်မရသည့်ကားများကို မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ခါလီကားများထုတ်ရန် ငွေတောင်းခံခြင်းများရှိပါက သက်ဆိုင်ရာပွဲရုံ၊ ကုန်စည်ဒိုင်ကိုအကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

ယခင်ရက်ပိုင်းက ခါလီအထွက် ကားများစုပြုံလာသည့်အတွက် မူဆယ် ၁၀၅ မိုင်မှတစ်ဆင့် တရုတ်သို့သစ်သီးများတင်ပို့မှုကို အဝင်ကားများထုတ်ပြီးချိန်အထိ ခေတ္တရပ်ဆိုင်းထားရပြီး သစ်သီးများခူးဆွတ်တင်ပို့မှုကို ရက်ပိုင်းတစ်ခု အထိစောင့်သင့်ကာ ဈေးကွက်တွင် လက်ကျန်ဖရဲကားများကိုသာ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

"ကားထုတ်ဖို့ ငွေတောင်းခံတာတွေရှိရင် သက်ဆိုင်ရာပွဲရုံ၊ ကုန်စည်ဒိုင်ကို အကြောင်းကြားပါ။ မည်သည့်ပွဲရုံ၊ အေးဂျင့်မှ ကားသမားထံငွေတောင်းခံပြီး ထုတ်ခိုင်းတာမျိုးမရှိပါ။ ရက်ကြာကားတွေမထွက်သေးရင် ကုန်စည်ဒိုင်ကိုမေးမြန်းတိုင်ကြားနိုင်ပါတယ်" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောကြားသည်။ 

S-06