News

POST TYPE

NEWS

ကျန်းမာရေးဝန်ထမ်းများ ဆက်လက်အားတင်းပေးရန် ကျန်းမာရေးဝန်ကြီးပြော
02-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂

ပိုးတွေ့နှုန်း ဆက်တိုက်ကျဆင်းစပြုပြီး ကာကွယ်ဆေးရရှိရန်လည်း နီးစပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ဆက်လက်အားတင်းထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။

ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် တစ်ခုလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ရောဂါစောင့်ကြည့်ရေးလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများအပြင် စီမံခန့်ခွဲရေးတာဝန်များကိုပါ နေ့၊ ည မပြတ် အလွန်ပင်ပန်းစွာ၊ ဝန်နှင့်အားမမျှစွာ တာဝန်ထမ်းဆောင်ခဲ့ရသည်။

ယင်းတာဝန်များအပြင် ကျန်းမာရေးဝန်ဆောင်မှု၊ ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်းတာဝန်များကိုပါ မလစ်ဟင်းစေရန် ဆောင်ရွက်နေကြသည်မှာ ကောင်းကောင်းသိရှိပြီး အသိအမှတ်ပြု ချီးကျူးဂုဏ်ယူကြောင်း ကျန်းမာရေးဝန်ကြီးကဆိုသည်။

၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွ ကျော်လွှားအနိုင်ယူကာ ပိုမိုခိုင်မာတောင့်တင်းကောင်းမွန်သော ကျန်းမာရေးစနစ်ကို အတူတကွ တည်ဆောက်ပြီး နှစ်သစ်တွင် မိမိတို့ကိုယ်တိုင်၊ မိသားစုများနှင့် ပတ်ဝန်းကျင်တွင်ပါ ကျန်းမာရေး နှင့်ညီညွှတ်သော ဘဝနေထိုင်မှုပုံစံဖြင့် ရောဂါကင်းရှင်းစေရန် ကိုယ်လက်လှုပ်ရှား၊ ဆေးတစ်ပါး ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများကို ကာကွယ်ဆေးရရှိ ထိုးနှံပြီးသည့်အချိန်တွင်လည်း ဆက်လက်ကျင့်သုံးရန် အသိပေးခြင်း၊ သတိပေးခြင်းများကို ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများလည်း အမြန်ဆုံးကျန်းမာလာစေရန် ဆုတောင်းမေတ္တာပို့သထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် မကြာခင်ရရှိတော့မည်ဖြစ်ပြီး ကာကွယ်ဆေးများရရှိချိန်တွင် ကျန်းမာရေးဝန်ထမ်းများကို ဦးစွာထိုးနှံပေးမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

S-09