News

POST TYPE

NEWS

NLD နှင့် ကချင်တိုင်းရင်းသားပါတီများတွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အဓိကထားဆွေးနွေး
02-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အရေးကိစ္စများကိုသာ အဓိကထား ဆွေးနွေးခဲ့ကြောင်း ဒေသခံပါတီများထံမှ သိရသည်။

"အဓိကဆွေးနွေးတာကတော့ အနာဂတ်နိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ကြမယ်။ ပူးပေါင်းပါဝင်ကြပါဆိုတဲ့ ဖိတ်ခေါ်စာ သဘောထားကြေညာချက်နဲ့ ပတ်သက်ပြီး ပြောပြတယ်။ ပြန်ကြားစာ ပထမအချက်ကတော့ ကြိုဆိုထောက်ခံတယ်။ ဒုတိယအချက်ကတော့ ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို့ ဒီနှစ်ပိုဒ်တည်းနဲ့ စာပြန်ခဲ့တာ။ အဲဒါလေးကို ပြောကြဆွေးနွေးကြတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆွေးနွေးကြတဲ့အခါမှာ အဓိကအဆင့်နှစ်ဆင့်နဲ့ ကြိုးပမ်းပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်" ဟု အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ကောင်းမွန်တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအဆင့်အောင်မြင်သွားပါက ဒုတိယ အဆင့်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားဒေသခံပါတီများ၊ သက်ဆိုင်ရာအဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပါက ငြိမ်းချမ်းရေးရရှိပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွလျှောက်လှမ်းပါက အဟန့်အတားမရှိနိုင်ကြောင်း၊ တိုင်းရင်းသားအရေးကို ဆွေးနွေးရာတွင် လူမျိုးရှစ်မျိုးကိုပဲ အခြေမခံဘဲ မြန်မာနိုင်ငံရှိ ပကတိအရှိတရားဖြစ်သည့် တိုင်းရင်းသားအားလုံး၏ တန်းတူရေးကို ဆောင်ကြဉ်း ပေးနိုင်ရန် တိုက်တွန်းတောင်းဆိုချင်သည်ဟု ဆွေးနွေးခဲ့ကြောင်း ဦးရွှေမင်းက ဆက်လက်ရှင်းပြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(ကချင်ပြည်နယ်)ပါတီရုံးချုပ်တွင် ဇန်နဝါရီလ ၁ ရက်နေ့က NLD ပါတီ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်သုံးဦးဖြစ်သည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံးခါးနော်ဆန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအပါအဝင် ခြောက်ဦးနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ၊ ဒီမိုကရေစီပါတီသစ် (ကချင်)မှ ဦးခေါန်တိန့်တို့နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း လီဆူအမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှရရှိသည့် အချက်အလက်အားလုံးကို ဒေါက်တာအောင်မိုးညိုပါ ကိုယ်စားလှယ်အဖွဲ့က မှတ်တမ်းယူသွားပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

"နိုင်ငံတော်တည်ဆောက်ရေးကာလမှာ အားလုံးက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဆိုတာပဲ ပြောနေကြတာပေါ့။ ဒီငြိမ်းချမ်းရေး ဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းအရင်းက ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရဲ့ အခွင့်အရေး တန်းတူ ညီမျှမရရှိလို့။ အဲဒီတန်းတူညီမျှအခွင့်အရေးကို ရရှိအောင်လုပ်ပေးရမယ်။ အဲဒီ တန်းတူညီမျှအခွင့်အရေးဟာ ဘာလဲဆိုရင် ပြည်မနဲ့ ပြည်နယ်အုပ်စိုးပိုင်ခွင့် အာဏာခွဲဝေရယူလုပ်ပိုင်ခွင့်တွေပေါ့။ အဲဒီအစ နေပြီး ပညာရေးတို့ ကြီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေးကအစ ဆွေးနွေးခဲ့တယ်" ဟု ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီအထွေထွေအတွင်းရေးမှူး ဦးခေါန်တိန့်က ဆိုသည်။

အလားတူ ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တန်းတူညီမျှ ရေးတို့အပြင် အစိုးရနှင့် လွှတ်တော်ထိန်းကျောင်းမှုပြုနိုင်ရန် တိုင်းရင်းသားပါတီများကိုလည်း နေရာပေးစေချင်သည်ဟု ပြောကြားခဲ့ကြောင်း ယင်း ဆွေးနွေးပွဲတက်ရောက်သူများထံမှ သိရသည်။

NLD ပါတီအနေနှင့် အစိုးရအသစ်မဖွဲ့မီ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့ဖွဲ့ထားပြီး လတ်တလောတွင် ကချင်ပြည်နယ်၊ မွန် ပြည်နယ်များသို့ သွားရောက်ကာ အနိုင်ရတိုင်းရင်းသားပါတီကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

S-08