News

POST TYPE

NEWS

တရုတ်နိုင်ငံတွင် Sinopharm ကိုဗစ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် အတည်ပြု
31-Dec-2020
ပေကျင်း၊ ဒီဇင်ဘာ ၃၁

တရုတ်နိုင်ငံရှိ ဆေးဝါးကုမ္ပဏီကြီး Sinopharm မှ ထုတ်လုပ်ထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ခွင့်ပြုခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြသည်။

ကာကွယ်ဆေးနှင့်ပတ်သက်သော အချက်အလက်အတိအကျကို အစိုးရကထုတ်ပြန်ထားခြင်းမရှိသော်လည်း ကာကွယ်ဆေးထုတ်လုပ်သည့် Sinopharm ကုမ္ပဏီ၏လက်အောက်ရှိ China National Biotec Group (CNBG) ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ပေကျင်းဇီဝ ထုတ်ကုန်လုပ်ငန်းက ယင်းတို့၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ကြားဖြတ်အချက်အလက်များအရ ကိုရိုနာဗိုင်းရပ်စ်ကို ၇၉ ဒသမ ၃၄ ရာခိုင်နှုန်း အထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေးအရေးပေါ် အသုံးပြုခွင့်ကို တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က အတည်ပြု ထုတ်ပြန်ပေးခဲ့ပြီး ပါကစ္စတန်နိုင်ငံက Sinipharm ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၂ သန်း မှာယူထားပြီးဖြစ်သည်။

တရုတ်နိုင်ငံ ကိုဗစ်ကာကွယ်ဆေး အရေပေါ်အသုံးပြုခွင့် အတည်ပြုရာတွင် အခြားနိုင်ငံများထက် နောက်ကျသော်လည်း ယခုလက်ရှိ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသော ကာကွယ်ဆေးသုံးမျိုးဖြင့် ပြည်သူများကို ထိုးသွင်းစမ်းသပ်လျက်ရှိသည်ဟု သိရသည်။

ဇူလိုင်လတွင် အဓိကလုပ်သားများနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်မားသူများအတွက် ကိုဗစ်ကာကွယ်ဆေးအရေးပေါ် အသုံးပြုနိုင်သည့် အစီအစဉ်ကို စတင်ခဲ့ပြီး CNBG ကထုတ်လုပ်သော ကာကွယ်ဆေးနှစ်မျိုးနှင့် Sinovac Biotech က ထုတ်လုပ်သော ကာကွယ်ဆေးတစ်မျိုး အပါအဝင် စုစုပေါင်းကာကွယ်ဆေးသုံးမျိုးကို ၄ ဒသမ ၅ သန်း အထိ ထိုးပေးခဲ့သည်ဟုသိရသည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်ဆဲကာကွယ်ဆေးငါးမျိုးရှိသည်ဟု သိရပြီး Sinovac ကုမ္ပဏီ၊ CNBG အဖွဲ့များ၊ CasSino Biologics နှင့် Chinese Academy of Sciences တို့က ထုတ်လုပ်သည်ဟုလည်း သိရသည်။  

F-05