News

POST TYPE

NEWS

ဥရောပဘုံဈေးကွက်မှ ဗြိတိန်ထွက်ခွာခြင်းနှင့်အတူ ဘရိတ်ဇစ်အပြည့်အဝ အသက်ဝင်
31-Dec-2020
လန်ဒန်၊ ဒီဇင်ဘာ ၃၁ 

ဥရောပအကောက်ခွန်အဖွဲ့နှင့် ဘုံဈေးကွက်မှ ဗြိတိန်ထွက်ခွာခြင်းနှင့်အတူ ဘရိတ်ဇစ်အပြည့်အဝအသက်ဝင်လာမည်ဖြစ်ပြီး ရာစုနှစ်တစ်ဝက်ကြာ ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများအကြား အတက်အကျ အနိမ့်အမြင့် များစွာရှိခဲ့သည့် ဆက်ဆံရေးတစ်ရပ် အဆုံးသတ်သွားပြီဖြစ်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြသည်။

ဗြိတိန်၏အချိုးအကွေ့များသော ဥရောပသမဂ္ဂ(န့) မှ ထွက်ခွာမှုသည် လန်ဒန်ရှိ Big Ben နာရီစင်ကြီး ည ၁၁ နာရီအတိ ထိုးချိန်၊ ဥရောပကုန်းမကြီးရှိနိုင်ငံအများစုတွင် သန်းခေါင်ယံအတိအကျ အချိန်တွင် အပြည့်အဝသက်ရောက်မည်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လတွင်ကျင်းပသော ဥရောပသမဂ္ဂမှ ခွဲထွက်ရန်သင့်၊ မသင့်လူထုဆန္ဒခံယူပွဲတွင် ခွဲရေးဘက်မှ ကပ်နိုင်ခဲ့ပြီးနောက် ဘရိတ်ဇစ်သည် ဗြိတိန်နိုင်ငံရေးကို တောက်လျှောက်လွှမ်းမိုးနေခဲ့ပြီး ယခုချိန်ထိ အနာမကျက်သေးသော နိုင်ငံရေးနှင့် လူမှုဆက်ဆံရေးဒဏ်ရာများရှိနေဆဲဖြစ်သည်။

တရားဝင်ဆိုပါက ဗြိတိန်သည် ဇန်နဝါရီလ ၃၁ ရက်နေ့တည်းက နုတ်ထွက်ခဲ့ခြင်းဖြစ်သော် ဘရိတ်ဇစ်အလွန် သမဂ္ဂနှင့်လွတ်လပ်စွာကုန်သွယ်ရေးသဘော တူညီချက်တစ်ရပ် ရရန်ဆွေးနွေးမှုများ အဆင်မပြေဖြစ်နေခဲ့ကာ ခရစ္စမတ်မတိုင်မီ တစ်ရက်အလိုတွင်မှ သဘောတူညီချက်ရရှိခဲ့သည်။

အသွင်ကူးပြောင်းရေးကာလ ပြီးဆုံးသွားပါက ဥရောပသမဂ္ဂ၏ ဥပဒေများသည် ဗြိတိန်တွင် အကျိုးသက်ရောက်တော့မည်မဟုတ်ဘဲ ဗြိတိန်နှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံအကြား လူဦးရေ သန်း ၅၀ဝ ကျော်၏ လွတ်လပ်စွာသွား လာခွင့်ရပ်ဆိုင်းသွားမည်ဖြစ်သည်။

နယ်စပ် အကောက်ခွန်စခန်းများလည်း ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပြန်လည်အသက်ဝင်လာမည်ဖြစ်ပြီး အခွန်မဲ့ကုန်သွယ်ခွင့်ရှိသော် လည်း တန်းစီစနစ်များနှင့် စာရွက်စာတမ်းအထောက်အထား လိုအပ်မှုများကြောင့် အခက်အခဲများရှိလာနိုင်သည်။

စီးပွားရေးနှင့်သံတမန်ရေး အင်အားကြီး၊ နေတိုးအဖွဲ့ဝင်လည်းဖြစ်သည့် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) မှ ပထမဆုံး ထွက်ခွာသောနိုင်ငံ ဖြစ်လာခဲ့သည်။ 

ဒုတိယကမ္ဘာစစ်၏ အနိဋ္ဌာရုံများအလွန်တွင် ဥရောပနိုင်ငံများ ညီညွတ်စွာပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဥရောပသမဂ္ဂကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ထွက်သွားခြင်းကြောင့် ဥရောပသမဂ္ဂ လူဦးရေမှ ၆၆ သန်းလျော့သွားမည်ဖြစ်သလို စီးပွားရေးအရလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ ထရီလျံ လျော့နည်းသွားမည်ဖြစ်သည်။ 

အမျိုးသားရေးလူပြိန်းကြိုက်ဝါဒအတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်ခဲ့သော ဘရိတ်ဇစ်သည် အခြားသမဂ္ဂအတွင်း အဆင်မပြေသော အဖွဲ့ဝင်များကိုပါ ဗြိတိန်ခြေရာနင်းရန် တွန်းပို့လာနိုင်သည်။

F-05