News

POST TYPE

NEWS

မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ အိမ်ငှားနေထိုင်သည်ကို တွေ့ရှိပါက သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန်
31-Dec-2020


ရန်ကုန်၊ ဒီဇင်ဘာ ၃၁ 

ငွေလိမ်လည်နေသည့် ဂိုဏ်းအဖွဲ့တစ်ခုကို ထပ်မံဖမ်းဆီးရမိပြီးနောက်ပိုင်းတွင် မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ အိမ်ငှား နေထိုင်သည်ကို တွေ့ရှိပါက သတင်းပေးရန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုင်ဂျီးရီးယား နိုင်ငံသားများနှင့်ပူးပေါင်းပြီး အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူနေသည့် ဂိုဏ်းအဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။ 

ဖမ်းမိသူများကို MPU ကတ်၊ ဖုန်း SIM Card များမှတစ်ဆင့် စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ၎င်းတို့အဖွဲ့မှာ ကြည့်မြင်တိုင်နှင့် သန်လျင်မြို့နယ်တွင် နေထိုင်သော မြန်မာနိုင်ငံသားအမျိုးသား နှစ်ဦးနှင့် အမျိုးသမီးငါးဦးတို့ ဖြစ်ကြသည်။ 

ယင်းဖမ်းမိသူများထံမှ MPU ကတ်မျိုးစုံ ၅၂ ကတ်၊ ဘဏ်စာအုပ်မျိုးစုံ ၆၈ အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ၃၉ ခု အပါအဝင် ငွေကြေးလိမ်လည်ရယူရာ၌ အသုံးပြုခဲ့သည့် စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့သည်။ 

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့မှာ ဖေ့စ်ဘွတ်မှတစ်ဆင့် အယုံကြည်လွယ်သူများကို ဆက်သွယ်၍ လက်ဆောင်ပစ္စည်းများ ပို့ထားကြောင်း၊ ဒေါ်လာနှင့် ရွှေချောင်းများပို့ထားကြောင်း လီဆယ်ပြောဆိုခဲ့သည်။ 

ယင်းအပြင် နိုင်ငံခြားငွေနှင့် အသုံးအဆောင်ပစ္စည်းများ၊ အဖိုးတန် စိန်ထည်နှင့်လက်ဝတ်ရတနာပစ္စည်းများကိုလည်း ပေးပို့ထားကြောင်းနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာများကို ပေးပို့လိုက်ကြောင်း စသည်ဖြင့် လီဆယ်ပြောဆိုသော စာများကို ပေးပို့သည်။ 

ယင်းနောက် အဆိုပါ ပစ္စည်းများနှင့် ဒေါ်လာများအတွက် အခွန်ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် ငွေလွှဲခိုင်းခြင်း၊ ဟောင်ကောင်ထီပေါက်သည်ဟု ပြောဆို၍ ထီဖိုးငွေအဖြစ် ငွေလွှဲခိုင်းခြင်းစသည်ဖြင့် ပြောဆိုလိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

အယုံကြည်လွယ်သူများထံမှ ငွေလိမ်လည်ရယူမှုကို ဦးဆောင်ပြုလုပ်သည့် နိုင်ဂျီးရီးယားနိုင်ငံသားများက ၎င်းတို့နှင့် အတူနေထိုင်သော မြန်မာအမျိုးသမီးများနှင့် အိမ်ငှားနေထိုင်ခဲ့သည်။ 

ယင်းဖြစ်စဉ်ကြောင့် ပြည်သူများအနေဖြင့် မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ အိမ်ငှားနေထိုင်သည်ကို တွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်း နှင့် လဝက၊ ရဲတပ်ဖွဲ့ထံများသို့ သတင်းပေးပို့ရန် အသိပေးအပ်ထားသည်။       
               
S-03