POST TYPE
NEWS
ဗြိတိန်တွင် ကူးစက်မြန်ပြီး ထိန်းချုပ်ရခက်သည့် ဗိုင်းရပ်စ်မျိုးစိတ်သစ်တွေ့ရှိခြင်းကြောင့် ယင်းနိုင်ငံမှ လေကြောင်းခရီးစဉ်များကို အီးယူဝင်ခွင့်ပိတ်
21-Dec-2020

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၁
ဗြိတိန်နိုင်ငံတွင် လတ်တလော ပိုမိုကူးစက်မှုမြန်ဆန်ပြီး ထိန်းချုပ်ရန်မလွယ်ကူသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇသစ်တစ်မျိုး ကူးစက်ဖြစ်ပွားနေခြင်းကြောင့် ဗြိတိန်မှလေကြောင်းခရီးစဉ်များဝင်ရောက်မှုကို ဒီဇင်ဘာ ၂၀ ရက်နေ့ညပိုင်းမှစ၍ ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံများက စတင်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနတွင်ဖော်ပြထားသည်။
အိုင်ယာလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဘယ်ဂျီယံစသည့်နိုင်ငံများသည် ဗြိတိန်(ယူကေ)နိုင်ငံမှလာရောက်သည့် လေကြောင်းခရီးစဉ်များကို ဆိုက်ရောက်ခွင့်မပြုတော့ကြောင်း ကြေညာသည်။
ပထမပိုင်းက ယင်းသို့ ဆိုက်ရောက်ခွင့်ပိတ်ပင်ခြင်းကို ကာလတိုအားဖြင့်သာ သတ်မှတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဗြိတိန်နိုင်ငံမှ ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ်ကိစ္စနှင့်ပတ်သက်၍ အီးယူနိုင်ငံများ တွေ့ဆုံဆွေးနွေးပြီးမှ ရှေ့ဆက်တုံ့ပြန်မည့် အသေးစိတ်အစီအစဉ်များကို ကြေညာနိုင်မည်ဟု ဆိုသည်။
ဗြိတိန်နိုင်ငံတွင် အမျိုးမတူသည့် ကိုရိုနာဗိုင်းရပ်စ်သစ်သည် လန်ဒန်နှင့် အင်္ဂလန်ပြည်အရှေ့တောင်ပိုင်းဒေသတို့တွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိသည်။
ယင်းဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့် ဒေသများတွင် အဆင့်လေးဆင့်ရှိသည့် ကန့်သတ်တားမြစ်မှုများကို ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စနေနေ့မှစ၍ ထုတ်ပြန်ခဲ့သည်။
မူလက လာမည့်ခရစ္စမတ်ကာလတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချပေးရန် စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ကို ဗြိတိန်အစိုးရက ပြန်လည်ဖျက်သိမ်းပစ်လိုက်သည်။
ဗြိတိန်ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ ဗိုင်းရပ်စ်မျိုးစိတ်သစ်သည် လူတို့ကို ပိုမိုအန္တရာယ်ဖြစ်စေမည့် အနေအထားမျိုးမတွေ့ရသလို ကာကွယ်ဆေးမတိုးသည့်ပုံစံမျိုးလည်း မတွေ့ရကြောင်း၊ သို့သော် ယင်းဗိုင်းရပ်စ်သည် ယခင်ဗိုင်းရပ်စ်ထက် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်သည်ကိုတွေ့ရကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ကမူ လတ်တလောကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်သစ်သည် ထိန်းချုပ်၍မရနိုင်ကြောင်းပြောကြားသည်။
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021