News

POST TYPE

NEWS

ပြည်တွင်းလေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲ
17-Dec-2020

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီရပ်နားထားသည့် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က နေပြည်တော်၊ လွိုင်ကော်၊ ဟဲဟိုးနှင့် ကျိုင်းတုံ လေကြောင်းခရီးစဉ်များကို ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့ကြောင်း MNA ထံမှသိရသည်။

လေကြောင်းလိုင်း ဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များ (Standard Operation ProcedureSOP) နှင့် အညီ ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း MNA က သတင်းထုတ်ပြန်ခဲ့သည်။

ပြည်တွင်းလေကြောင်းလိုင်းများ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သောကြောင့် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် ခရီးစတင်မထွက်ခွာမီ ၃၆ နာရီအတွင်း စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ဆိုက်ရောက်ရာမြို့များတွင်လည်း အသွားအလာကန့်သတ်မှုများ ပြုလုပ်ရမည်လည်းဖြစ်သည်။

အဆိုပါ ပြည်တွင်းလေကြောင်း ခရီးစဉ်လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အအုံနှင့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝင်းရှိ ဒေသန္တရကျန်းမာရေးဌာနတို့တွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီ အတွင်း စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် စစ်ဆေးပြီးစီး၍ ရောဂါပိုးမတွေ့ရှိကြောင်း ထောက်ခံချက်ရရှိပါက အိမ်ပြန်ရမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ကုသမှုခံယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

S-04