News

POST TYPE

NEWS

ဒဂုံတောင် လက်နက်ခဲယမ်း ဖမ်းမိမှု စစ်ဆေးရာမှ သန်လျင်မြို့တွင် လက်နက်များ ထပ်မံဖမ်းမိ
28-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၈ 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လက်နက်ခဲယမ်းများ ကိုင်ဆောင်၍ သွားလာနေသော အမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးရာမှ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် လက်နက်များ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသူ သုံးဦးမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ အင်းဝအိမ်ရာတွင် နေထိုင်သော ဦးမြရွှေ (၆၁)နှစ်၊ မျိုးကိုကို(၂၈)နှစ်နှင့် ဖြိုးသူအောင် (၂၉)နှစ်တို့ဖြစ်သည်။ ၎င်းတို့ သုံးဦး စီးနင်းလာသော ဆူဇူကီးယာဉ်ကို နိုဝင်ဘာ ၂၄ ရက်က ဧရာဝဏ်လမ်းတွင် တားဆီး စစ်ဆေးရှာဖွေရာ USA နိုင်ငံထုတ် နိုင်းမမ ပစ္စတိုတစ်လက်နှင့် ကျည် ၁၀ တောင့်၊ ဂျာမဏီနိုင်ငံထုတ် ပစ္စတိုတစ်လက်နှင့် ကျည် ၁၂တောင့် ၊ ဓါးဦးချွန် တစ်ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

အမှုအား ဆက်လက်စစ်ဆေးရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ နေအိမ်အိမ်ခြံဝင်းတစ်ခုအတွင်း သိမ်းဆည်းထားသော ဂက်စ်ဖြင့် ပစ်ခတ်ရသည့် သေနတ်အရှည် ရှစ်လက်၊ အတို လေးလက်နှင့် ယင်းသေနတ်များတွင် ထည့်သွင်းအသုံးပြုသော ဘောစေ့များ၊ ဒူးလေးတစ်လက်၊ သေနတ်တွင် တပ်ဆင်သော ဂက်စ်အိုးငယ် ၁၁ ခု၊ ဂက်စ်ဖြည့်ဘူးရှည် ခုနှစ်ဘူး၊ စနိုက်ပါမှန်ပြောင်း သုံးခု၊ ကင်ဒိုဓါး တစ်ချောင်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးထိန်းချုပ်ဆောင်ရွက်နေချိန်တွင် ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ခြင်းများနှင့် ပတ်သက်ဆက်နွယ်သူများကို အချိန်မီဖော်ထုတ်ထိန်းသိမ်း၍ ပြည်သူလူထုအတွင်း မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ 

S-03 
photo ရဲတပ်ဖွဲ့