News

POST TYPE

NEWS

ထိုင်းနိုင်ငံ တော်ဝင်ဘဏ္ဍာငွေများ ဘုရင်က အလုံးစုံထိန်းချုပ်ထားမှု စွန့်လွှတ်ရန် ပြည်သူများဆန္ဒထုတ်ဖော်
26-Nov-2020


ဘန်ကောက်၊ နိုဝင်ဘာ ၂၆

အမေရိကန်ဒေါ်လာ ဘီလျံဆယ်ချီ ရှိသော တော်ဝင်ဘဏ္ဍာငွေများကို ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းက အလုံးစုံ ထိန်းချုပ်ထားခြင်းများ ရပ်တန့်ရန် ဆန္ဒပြသူ သောင်းနှင့်ချီ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြသည်။

အဆိုပါဆန္ဒပြသူများသည် ထိုင်းနိုင်ငံတွင် နှစ်ရှည်လများ မည်သူမှမချိုးဖျက်ခဲ့သည့် ထိုင်းဘုရင်ကို ဝေဖန်ကဲ့ရဲ့ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က ထင်ရှားသည့် ဆန္ဒပြသူများကို ထိုင်းဘုရင်စနစ်အား စော်ကားသည့်အမှုဖြင့် တရားစွဲဆိုထားသည်။ ဘုရင်စနစ်အား စော်ကားသည့် အမှုသည် ၁၅ နှစ်နှင့်အထက် ထောင်ဒဏ်ချမှတ်နိုင်သည်ဟု သိရသည်။

“အဲ့ဒီဥပဒေက အရိုင်းဆန်ပြီး ရှေးကျလွန်းပါတယ်၊ အဲ့ဒီဥပဒေကို ကျင့်သုံးတဲ့အချိန်တိုင်း ဘုရင်စနစ်နဲ့ နိုင်ငံတော်ကို ထိခိုက်စေပါတယ်”ဟု ယင်း ဥပဒေဖြင့် တရားစွဲဆိုခံရသော နိုင်ငံရေး လှုပ်ရှားသူ ပါရစ်ချီဝါရက်က ပြောခဲ့သည်။ 

ပါရစ်သည် ထိုင်းနိုင်ငံဆန္ဒပြပွဲများတွင် အမှတ်တံဆိပ်တစ်ခုဖြစ်လာသော အဝါရောင် ရော်ဘာဘဲအရုပ်ကဲ့သို့ အဝါရောင်ဘဲအင်္ကျီကို ဝတ်ဆင်ခဲ့သည်ဟု သိရသည်။

နန်းတော်၏ပိုင်ဆိုင်မှုများကိုစီမံခန့်ခွဲသည့် Crown Property Bureau အနီးတွင် ဆန္ဒထုတ်ဖော်မှုများစတင်ရန် စီစဉ်ထားကြခြင်းဖြစ်သည်။ ဆန္ဒပြသူ ၈၀ဝ၀ အထိ ရှိခဲ့သည်ဟု ရဲဌာနကထုတ်ပြန်သည်။ 

ယင်းနောက်တွင် ရဲများက ကွန်တိန်နာပုံးများနှင့် ဆူးကြိုးများဖြင့် ပိတ်ပင်တားဆီးခဲ့သဖြင့် ဆန္ဒပြပွဲသည် Siam Commercial Bank ရှေ့သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု သိရသည်။ အဆိုပါဘဏ်တွင် ထိုင်းဘုရင်က ရှယ်ယာ ၂၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး အများဆုံးအစုရှယ်ယာရှင် ဖြစ်သည်။

"SCB ရှယ်ယာတွေကို ဘုရင်တစ်ဦးတည်းက မပိုင်ဆိုင်သင့်ဘဲ စီးပွားရေးဝန်ကြီးဌာနလက်ထဲမှာ စီမံခန့်ခွဲပြီး အဲ့ဒီငွေတွေနဲ့ တိုင်းပြည်တိုးတက်အောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ အသက် ၂၈ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက ပြောဆိုခဲ့သည်။

“ဘုရင်လက်ဝါးကြီးအုပ်ထားတဲ့ နန်းတော်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေ ဘက်ကပြန်လိုချင်ပါတယ်”ဟု ဆန္ဒပြသူတစ်ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘဏ်ရှိ ရှယ်ယာများသည် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ၂ ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့သည်။

ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည့်အပေါ် နန်းတော်ဘက်မှ ပြန်လည်တုံ့ပြန်ခြင်းတစ်စုံ တစ်ရာမရှိသေးကြောင်းလည်းသိရပြီး ဆန္ဒပြသူများအပေါ် မည်သို့ ထင်မြင်ကြောင်း မကြာသေးခင် ရက်သတ္တပတ်များတွင် ဘုရင်မဟာဝဇီရလောင်ကွန်း ကိုမေးမြန်းခဲ့ရာ “နိုင်ငံသားတိုင်းကို တပြေးညီချစ်ပါတယ်” ဟု ထိုင်းဘုရင်က ပြန်လည်ဖြေဆိုခဲ့သည်။     

F-05