News

POST TYPE

NEWS

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ဦးစားပေးရရှိမည့် နိုင်ငံများတွင် မလေးရှားပါဝင်ဟု ဝန်ကြီးချုပ်ဆို
26-Nov-2020


ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၆

မကြာခင်အချိန်တွင် ဖြန့်ချိပေးမည်ဖြစ်သော တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဦးစားပေးရရှိနိုင်မည့်နိုင်ငံများထဲတွင် မလေးရှားနိုင်ငံလည်း ပါဝင်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားနိုင်ငံဝန်ကြီးချုပ် မူယီဒင်ယာဆင်က ထုတ်ပြန်ခဲ့သည်ဟု CNA သတင်းဌာနတွင်ဖော်ပြသည်။

တရုတ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်သံအမတ်ပိုင်တျန့် က ပါလီမန်အဆောက်အအုံသို့ လာရောက်နှုတ်ဆက်ခဲ့ချိန်တွင် ကာကွယ်ဆေးရရှိမည့်အကြောင်း အတည်ပြုပေးခဲ့သည်ဟု နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်ယာဆင်က Facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

ယင်းကဲ့သို့ တရုတ်နိုင်ငံအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် မလေးရှားအစိုးရဘက်က တန်ဖိုးထားအသိအမှတ်ပြုကြောင်းကိုလည်း ပြောဆိုခဲ့ပြီးဖြစ်ကြောင်း မူယီဒင်ကပြောခဲ့သည်။

“၂၀၂၀ ပြည့်နှစ် အစောပိုင်း ဝူဟန်မြို့တွင် Covid-19 စတင်ဖြစ်ပွားချိန် ကူညီထောက်ပံပေးခဲ့ပြီး တရုတ်နိုင်ငံအတွက် လိုအပ်သည့်ဘက်မှ အထောက်အပံ့ပေးခဲ့သော မလေးရှားနိုင်ငံကိုလည်း အလွန်ကျေးဇူးတင်ကြောင်း တရုတ်သံအမတ် ပိုင်တျန့်က ပြောဆိုခဲ့သည်”ဟု မူယီဒင်က Facebook ပေါ်တွင် ရေးသားခဲ့သည်။

မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံ အကူအညီလိုအပ်လျှင် ချက်ချင်းကူညီပေးမည့် အလွန်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်ဟု ပိုင်တျန့်က ပြောခဲ့ကြောင်းကိုလည်း မူယီဒင်က ရေးသားထားသေးသည်။

တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံ၏ ၁၁ နှစ်ဆက်တိုက် အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ယမန်နှစ်တွင် ကုန်သွယ်ရေးငွေပမာဏသည် မလေးရှား ရင်းဂစ် ၃၁၅ ဒသမ ၁၉ ဘီလီယံ(အမေရိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ ဘီလီယံ) အထိ ရောက်ရှိခဲ့သည်။ 

၂၀၁၉ ခုနှစ် မလေးရှားနိုင်ငံတွင် တရုတ်နိုင်ငံ ရင်းနီးမြုပ်နှံခဲ့သည့် ငွေပမာဏမှာ မလေးရှားရင်းဂစ် ၁၈ ဒသမ ၂၅ ဘီလီယံဖြစ်ပြီး တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ဒသမအကြီးဆုံးနိုင်ငံဖြစ်ခဲ့သည်။

F-05