News

POST TYPE

NEWS

ပုဂံ-ညောင်ဦးရှိ ဘုရားများနှင့် စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပေးရန် စီစဉ်နေပြီဟုဆို
26-Nov-2020


မန္တလေး၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း ပုဂံ-ညောင်ဦးမှာရှိတဲ့ ဘုရားစေတီပုထိုးတွေနဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိမှာ ပြန်လည်ဖွင့်ခွင့်ပေးဖို့ စီမံချက်ရေးဆွဲနေပြီး အဲ့ဒီစီမံချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောပါတယ်။

"ပြန်ဖွင့်လိုက်တယ်ဆို တစ်နိုင်ငံလုံးက လာကြမှာ။ အဲ့ဒီလိုလာကြမှာဖြစ်တဲ့အတွက်ကြောင့် နှစ်ပတ်ကြိုတင်ပြင်ဆင်ပြီး ဟိုတယ်တွေကိုစစ်ရမယ်၊ စားသောက်ဆိုင်တွေ ဘုရားတွေ စစ်ဆေးရမယ်၊ အဲဒီအတွက်ကို နှစ်ပတ်အချိန်လိုပါတယ်။ နှစ်ပတ်ဆောင်ရွက်မယ့် စီမံချက်ကိုရေးဆွဲနေပါတယ်၊ မပြီးသေးဘူး။ အဲ့ဒီစီမံချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တစ်ရက်၊ နှစ်ရက်နေ တင်ပြပါမယ်။ ဘယ်တော့ဖွင့်ပါမယ်ဆိုတာ အပေါ်ကညွှန်ကြားချက်အပေါ် မူတည်ပါတယ်" လို့ ဦးကျော်ကျော်အုန်း ကပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့အတွက် ဒီတစ်ပတ်အတွင်းမှာ ဌာနဆိုင်ရာပေါင်းစုံ ပါဝင်မယ့်အဖွဲ့တွေနဲ့ လိုက်လံ စစ်ဆေးသွားမှာဖြစ်တဲ့အပြင် လိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း ရေးဆွဲသွားမယ်လို့ သိရပါတယ်။

ပုဂံ- ညောင်ဦးဒေသဟာ ခရီးသွားလုပ်ငန်းကို အဓိကအားထားရတဲ့ ဒေသတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်လာတဲ့အချိန်မှာပဲ ဘုရား၊ စေတီ၊ ပုထိုးတွေအတွင်း ဘုရားဖူးဧည့်သည်တွေ ဝင်ရောက်ဖူးမြော်ခွင့်ကို ယာယီပိတ်ပင်လိုက်တဲ့အတွက် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်း အရောင်းဆိုင်၊ e-Bike၊ သုံးဘီး မော်တော်ယာဉ်၊ မြင်းလှည်းယာဉ် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေသခံပြည်သူတွေအနေနဲ့ အဆင်မပြေမှုတွေရှိ လာတာကြောင့် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။   

မောင်တာရာ (VOM)