News

POST TYPE

NEWS

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာမူဝါဒကို ပြင်ဆင်ထုတ်ဝေ
24-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီများ ဆိုင်ရာမူဝါဒကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြင်ဆင်ထုတ်ဝေလိုက်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖွံ့ဖြိုးမှုအကူအညီများ အကျိုးရှိ ထိရောက်မှုရှိစေရေး စကားဝိုင်းဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကို ပထမဦးဆုံး မိတ်ဆက်ထုတ်ဝေခဲ့ပြီး ယင်းမူဝါဒသည် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ ဖွံ့ဖြိုးမှုအကူအညီဖြင့်ဆောင်ရွက်သည့် လုပ်ငန်းစီမံချက်များကို ဖော်ထုတ်သတ်မှတ်ခြင်း၊ လုပ်ငန်းဒီဇိုင်းရေးဆွဲခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ အတည်ပြုခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အကဲဖြတ် ဆန်းစစ်ခြင်း စသည့်အဆင့်များကို လွယ်ကူချောမွေ့စေရန် တိကျရှင်းလင်းသည့် လုပ်ထုံးလုပ်နည်းများနှင့်အတူ ဖွံ့ဖြိုးမှုအကူအညီများကို ရရှိအသုံးပြုမှုနှင့်ပတ်သက်၍ လမ်းညွှန်မှုပေးသော မူဝါဒဖြစ်ကြောင်း သိရသည်။

ယခုထပ်မံထွက်ရှိလာသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒသည် မြန်မာနိုင်ငံသို့ပေးအပ်သည့် ဖွံ့ဖြိုးမှုအကူအညီများနှင့် မြန်မာနိုင်ငံ၏ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၁၈-၂၀၃၀ တို့အကြား ပိုမို၍ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက စီမံဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူစေမည်ဖြစ်ပြီး ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့အနေဖြင့် မဟာဗျူဟာကျကျ သုံးသပ်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ- ၂၀၂၀ ကို ပြုစုရေးဆွဲထားခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

"ဒီမူဝါဒအသစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်မှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ အခြားအရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ မက်ခရိုစီးပွားရေးကို အစပြုရာမှာလည်း ချိတ်ဆက်ပေးမှာဖြစ်ပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌဦးသောင်းထွန်းက ပြောကြားသည်။

ယခင်ဖွံဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကဲ့သို့ ယခုအသစ်တည်းဖြတ်ထားသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပါဝင်သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရဌာနအဖွဲ့အစည်းများ၏ အကြံဉာဏ်များ၊ သဘောထား မှတ်ချက်များနှင့်အညီ ရေးသားပြုစုထားကြောင်း သိရသည်။

ယခု ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒတွင် အသစ်ပြန်လည် ဖွဲ့စည်းထားသည့် မဟာဗျူဟာကျပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့များပါဝင်လာခြင်း၊ မြန်မာနိုင်ငံ နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များကို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်သည့် ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အကျိုးခံစားခွင့်ရှိသူများ အားလုံးပါဝင်သည့် ဆွေးနွေးခြင်းတို့အတွက် အခြေခံအုတ်မြစ် ပိုမိုခိုင်မာလာစေရန်၊ မကြာမီထုတ်ဝေသွားမည်ဖြစ်သည့် မြန်မာ့စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက်ဖြန့်ဝေရေးတွင် ချိတ်ဆက်ပါဝင်ခြင်းတို့ကို မြင်တွေ့ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

S-07