News

POST TYPE

NEWS

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်ပူးပေါင်းပါဝင်ရန် ကမ်းလှမ်း
24-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၄

ထားဝယ်အထူးစီးပွားရေးဇုန် ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်လိုသည်ဟု ကမ်းလှမ်းခဲ့ကြောင်း အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ ဦးမြင့်စန်း၏ ပြောကြားချက်အရ သိရသည်။

G to G (အစိုးရချင်းချိတ်ဆက်သည့်) စနစ်ဖြင့် စီမံကိန်းဖော်ဆောင်ရန်အတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အစိုးရက အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရဘက်ကလည်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါအဆိုပြုချက်ကို လက်ခံခဲ့ပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ဟက်တာ ၂၀,ဝဝဝ အကျယ် အဝန်းရှိသော ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများပါဝင်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၀ ပြည့်နှစ်တွင် အီတာလျံထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် အထူးစီးပွားရေးဇုန်စီမံကိန်း၌ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

S-07