News

POST TYPE

NEWS

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်သုံးသပ်သင့်ဟု လေ့လာသုံးသပ်သူများ အကြံပြု
24-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၄

အစိုးရသစ်လက်ထက်တွင် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း လေ့လာသုံးသပ်သူများက အကြံပြုပြောကြားလိုက်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဆောင်ရွက်နေဆဲ စီမံကိန်းတစ်လည်းဖြစ်ကာ ဝေဖန်မှုများလည်း ရှိနေသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက ပြည်ထောင်စုအဆင့်က နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ပြန်လည် သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်းများပြုလုပ်ပြီး ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ပြောကြားသည်။

"စီမံကိန်းက လုပ်မယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက်ကြီးကြပ်ရပါလိမ့်မယ်။ အစအဆုံးပြန်စစ်ရပါလိမ့်မယ်။ လေ့လာမှုစစ်တမ်းတွေလည်း လုပ်ရပါလိမ့်မယ်။ မဟုတ်ဘဲ အချိန်တွေ လွန်ကုန်ရင် ကောင်းကျိုးတွေ ဆိုးကျိုးတွေ ရှိလာပါလိမ့်မယ်။ နိုင်ငံရေးအရ ဆုံးရှုံးနိုင်ခြေ ရှိလာလိမ့်မယ်။ နောက်ကွယ်က နိုင်ငံရေးတွေပါတဲ့အတွက် ပြည်ထောင်စုက ကိုင်တွယ်သင့်တယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော်အမတ်တစ်ဦးက ယခုစီမံကိန်းသည် ပြည်ထောင်စုအဆင့်က ဆောင်ရွက်သင့်ပြီး ကြီးမားသည့် စီမံကိန်းကို တိုင်းဒေသကြီးအဆင့်က အကောင်အထည်ဖော်ဆောင်ရန် မသင့်ကြောင်း ပြောကြားသည်။

"ပြည်ထောင်စုအဆင့်ကတော့ လုပ်သင့်တာပေါ့။ ပရောဂျက်ကြီးက ကြီးလဲကြီးတယ်။ ယှဉ်ပြောမယ်။ဟိုမိုင် မှာလုပ်နေတဲ့ အမြန်လမ်းဘေးက စီမံကိန်းပထမက တိုင်းက လုပ်မလို့ပဲ။ နောက် ပြည်ထောင်စုအစိုးရက ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်တယ်လေ။ သည်ထက်ကြီးတဲ့ပရောဂျက်ကြီးကို ပြည်ထောင်စုကလုပ်ရင် ပိုအဆင်ပြေတာပေါ့ ကောင်းတာပေါ့။ ဒီ NYDC ဆိုတာကလည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ဟာကြီး ဒီဟာကြီးကလည်းမှားနေတယ်။ မြို့သစ်တစ်ခုဆိုတာ အနာဂတ်အတွက် ကောင်းကျိုးဆိုးကျိုး သေချာကြည့်ပြီးမှ လုပ်ရမယ့်ဟာကို လောလောကြီးလုပ်စရာလည်းမလိုပါဘူး။ ခုဟာက တည်ဆောက်ပြီးသားမြို့သစ်တွေတောင် အိမ်ခြေတွေက ပြည့်ပြည့်ဝ၀ မရှိကြသေးတာ" ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် သမ္မတဦးသိန်းစိန်လက်ထက် ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြုထားသော စီမံကိန်းတစ်ခုဖြစ်ပြီး ကန့်ကွက်မှုများကြောင့် ကြန့်ကြာနေသည့် စီမံကိန်းတစ်ခုဖြစ်ကာ NLD အစိုးရ ၅ နှစ် ကာလတွင်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်သည်။

NLD အစိုးရတက်ပြီး ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တင်ဒါရသော ကုမ္ပဏီများကို လုပ်ပိုင်ခွင့်မပေးတော့ဘဲ NYDC ကို ဖွဲ့ကာ ယင်းမှတစ်ဆင့် တရုတ်ကုမ္ပဏီ CCCC ကို ဆောင်ရွက်ခွင့်ပေးခဲ့သည်။

ထို့ပြင် လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးဆောင်ဖော်ဆောင်နေသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် NLD ပါတီ၏ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ပါဝင်လာခြင်း မရှိတော့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးချုပ်အသစ်တစ်ဦး တာဝန်ထမ်းဆောင်မည့် အခြေအနေတွင် ရှိနေသည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ပထမအဆင့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန်အတွက် စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of
Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ယူခဲ့ရာ ပြင်သစ်၊ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ မြန်မာ အဖွဲ့ အစည်း ၉ ခုက ဝင်ပြိုင်ထားကြသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က "Swiss Challenge ဆိုတာက တရုတ်စီ ၄ လုံး ကုမ္ပဏီကအားသာတယ်။ သူ့ထက်သာအောင် လုပ်ပြနိုင်မှ၊ သူမလုပ်နိုင်မှကျန်တဲ့ အဖွဲ့တွေကရမှာ။ တရုတ်ကုမ္ပဏီက ဘာပဲဖြစ်ဖြစ် အားသာတယ်" ဟုပြောသည်။

ရန်ကုန်စောင့်ကြည့်အဖွဲ့က တာဝန် ရှိသူတစ်ဦးက ယင်းစီမံကိန်း စတင်ကတည်းက မရိုးသားသည့် ဖြစ်စဉ်များရှိသည့်အတွက် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး ရေရှည်တွင် ပြည်သူများအတွက် အကျိုးရှိမည်မဟုတ်ကြောင်း သုံးသပ်သည်။

"အစကတည်းက ရန်ကုန်မြို့သစ်စီမံကိန်းပေါ်ပေါက်လာတဲ့ သမိုင်းကြောင်း အစကတည်းက မရိုးသားတဲ့ဖြစ်စဉ် အများကြီးရှိနေတာပဲ။ ရန်ကုန်မြို့မှာ အချုပ်အခြာအာဏာဆုံးရှုံးမယ့် အခြေအနေကို အစကတည်းကမြင်လို့ တစိုက်မတ်မတ် ကန့်ကွက်ခဲ့တာ။ အများပြည်သူအတွက် ရန်ကုန်မြို့သားတွေအတွက် အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် အကျိုးရှိမှာမဟုတ်ဘူး။ အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးရမယ့် စီမံကိန်း" ဟုပြောသည်။

ယင်းသို့ ရန်ကုန်တိုင်းအစိုးရက NYDC ကို ဖွဲ့ပြီး ဆောင်ရွက်ခြင်းအပေါ် ဥပဒေနှင့် ညီ၊ မညီ မေးခွန်းထုတ်မှုလည်း ရှိနေသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းချုပ်ဥက္ကဋ္ဌဦးသန်းဦးက "ဥပဒေနှင့် အညီပဲဖြစ်ရမယ်။ ဖြစ်သင့်မယ်။ တရုတ်ကို ဝကွက်အပ်လိုက်တာမျိုး မလုပ်သင့်ဘူး။ ပြည်ထောင်စုအစိုးရအဆင့်က သေချာစိစစ်ပြီးမှလုပ်ပါ" ဟု ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက NYDC သည် အစိုးရမဟုတ်ဘဲ ကုမ္ပဏီသာဖြစ်ကာ ရန်ကုန်မြို့သစ်ကို တင်ဒါမယှဉ်ပြိုင်ဘဲ ဆောင်ရွက်ခွင့်မရှိကြောင်းနှင့် NYDC ကို ရန်ကုန်မြို့သစ် ဆောင်ရွက်ခွင့်ပေးခြင်းသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ အရ ကိုက်ညီမှုရှိ ၊ မရှိ ပြန်လည်စိစစ်ရမည်ဟု မှတ်ချက်ပြုသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဦးဝင်းမျိုးသူက "ဒီစီမံကိန်း အောင်မြင်ဖို့ဆိုရင်ကျန်တဲ့ ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ တွဲစပ်ပြီးလုပ်မှ ဥပမာ- ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ဒါတွေတွဲလုပ်ပေးမှ ဒီစီမံကိန်းက အောင်မြင်နိုင်ခြေရှိမယ်။ အဲ့ဒါတွေမရှိရင် စီမံကိန်းရဲ့ နဂိုမူလတွေလည်း အောင်မြင်နိုင်မှာ မဟုတ်ဘူးလေ။ ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက်ကြီးကြပ် ဆန်းစစ်လေ့လာသုံးသပ်သင့်သလို ဒေသဆိုင်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော်ပြီး ချိတ်ဆက်မှ ဒီစီမံကိန်း အဆင်ပြေပါလိမ့်မယ်။ နောက်ပြီး နိုင်ငံရေးအရ၊ စီးပွားရေးအရ အရေးပါတဲ့ ရန်ကုန်လို နေရာမျိုးကို မြို့သစ်တည်ရင် နိုင်ငံရေးတွေ၊ စီးပွားရေးတွေ အများကြီး ကြည့်ဖို့လိုလာပြီ" ဟု မှတ်ချက်ပြုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး အများစုက ဒေါ်လာဘီလီယံချီ ကုန်ကျမည့် တရုတ်စီမံကိန်းကြီးတစ်ခုဟု သိရှိထားကြသည်။

S-05