News

POST TYPE

NEWS

အရှုံးကို ထရမ့်လက်မခံသေးသော်လည်း ဘိုင်ဒင်၏အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများ စတင်ကြေညာမည်
23-Nov-2020


ဝါရှင်တန်၊ နိုဝင်ဘာ ၂၃

ဒေါ်နယ်ထရမ့်က သက်သေအထောက်အထား ခိုင်ခိုင်မာမာမရှိသည့် မဲသမာမှုစွပ်စွဲချက်များကို ဆက်လက်ဖက်တွယ်ထားမှုအပေါ် ပါတီတွင်းဆန့်ကျင်မှုများပါ များပြားလာချိန်၌ သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဂျိုးဘိုင်ဒင်က သူ၏အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ကြေညာတော့မည်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ထရမ့်က မည်သို့ပင်ကန့်ကွက်နေသည် ဖြစ်စေလာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတတာဝန်ရယူရန် လိုအပ်သော ပြင်ဆင်မှုများကို ဘိုင်ဒင်က လုပ်ဆောင်နေရပြီဖြစ်သည်။

ဘိုင်ဒင်သည် ဝါရင့်သံတမန်တစ်ဦးဖြစ်သလို ကာလရှည်လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် အန်ထော်နီဘလင်ကန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရွေးချယ်ဖွယ်ရှိသည်ဟု နယူးယောက်တိုင်းမ်နှင့် ဘလွန်းဘာ့ဂျ်သတင်းဌာနတို့က ခန့်မှန်းထားသည်။

ဘဏ္ဍာရေးဝန်ကြီးနေရာလည်း လျာထားပြီးဖြစ်သည်ဟု ပြီးခဲ့သည့်အပတ်ကတည်းက ဘိုင်ဒင်က ပြောကြားခဲ့ပြီးဖြစ်သည်။ 

ရီပတ်ဘလီကန်ခေါင်းဆောင်အများအပြားမှာ ဘိုင်ဒင်အနိုင်ရမှုကို လက်ခံအသိအမှတ်ပြုလာပြီဖြစ်သလို ပုံမှန်အားဖြင့် မထင်ရှားသည့် အာဏာလွှဲပြောင်းရေး စီမံပေးရသော အထွေထွေဝန်ဆောင်မှုကွပ်ကဲရေးဌာနအနေဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း ရွေးကောက်ပွဲနိုင်သမ္မတကို ကူညီ ထောက်ပံ့ပေးသင့်ကြောင်း မှတ်ချက်ပြုလာကြပြီဖြစ်သည်။

ထရမ့်က အရှုံးကို လက်မခံသောကြောင့် ဘိုင်ဒင်နှင့်အဖွဲ့မှာ သမ္မတအဖြစ် အရွေးခံရသူများထံ ပုံမှန်အသိပေးရမြဲဖြစ်သည့် ပြည်တွင်းရေး၊ နိုင်ငံခြားရေး ထိပ်တန်းကိစ္စများ၊ ထောက်လှမ်းရေးသတင်းများ၊ အထူးသဖြင့် ကိုဗစ်-၁၉ ကိုင်တွယ်မှုကိစ္စများကို သက်ဆိုင်ရာဌာနများက တရားဝင်သတင်းပို့နိုင်ခြင်း မရှိသလို၊ အာဏာလွှဲပြောင်းရေးတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထရမ့်က ဟန့်တားထားသည်။

F-05