News

POST TYPE

NEWS

ဆင်းရဲသောနိုင်ငံများ ကိုဗစ်ကာကွယ်ဆေးရရှိရေး မာကယ်လ် စိုးရိမ်
23-Nov-2020

ဘာလင်၊ နိုဝင်ဘာ ၂၃ 

ဆင်းရဲသောနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိနိုင်ရေးအတွက် စိုးရိမ်မိသည်ဟု ဂျာမန်အဓိပတိ အင်ဂလာမာကယ်လ်က ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ကိုဗစ်နှင့်ပတ်သက်သော ထိုးဆေး၊ သောက်ဆေးများ မျှမျှတတ ဖြန့်ချိပေးရေးအပေါ် ခေါင်းဆောင်များအားလုံး သဘောတူညီခဲ့ကြသည့် ဂျီ-၂၀ ညီလာခံတွင် အင်ဂလာမာကယ်လ်လည်း တက်ရောက်ခဲ့သည်။

သို့သော် ယင်းအစီအစဉ်မှာနှေးကွေးနိုင်ကြောင်း မာကယ်လ်က သတိပေးခဲ့ပြီး ကမ္ဘာတစ်ဝန်း ဆင်းရဲသောနိုင်ငံများ သောက်ဆေး၊ ထိုးဆေး ရရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသော GAVI အဖွဲ့အစည်းနှင့်ပူးပေါင်းကာ အဆိုပါအစီအစဉ်ကို ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်းကို မာကယ်လ်က ပြောကြားခဲ့သည်။

“ကျွန်မတို့ အခု ကာကွယ်ဆေး မျှမျှတတပေးဖို့ကိစ္စ ဘယ်အချိန်စမလဲဆိုတာကို GAVI အဖွဲ့အစည်းနဲ့ စတင်ဆွေးနွေးတော့မှာပါ၊ ဘာလို့လဲဆိုတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အခုချိန်ထိ ဘယ်သူကမှ ဘာမှမလုပ်ရလောက်သေးဘူးဆိုတာ ကျွန်မအနေနဲ့ စိုးရိမ်လို့ပါ”ဟု မာကယ်လ် ကပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအချို့ ဒီဇင်ဘာလ ၁၁ ရက် ဝန်းကျင်တွင် ကာကွယ်ဆေးများ ထိုးပေးမည်ဆို သောထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် မာကယ်လ်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျီ-၂၀ ညီလာခံကို ဆော်ဒီအာရေဗျက အိမ်ရှင်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူချင်းတွေ့ဆွေးနွေးပွဲမပြုလုပ်ဘဲ အွန်လိုင်းမှသာ ကျင်းပခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသော ဆင်းရဲသည့်နိုင်ငံများကို အထောက်အပံ့ပေးမည် ဖြစ်ကြောင်း ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများက အဆိုပါ ညီလာခံတွင် ကတိပြုခဲ့ကြသည်။ သို့သော် ငွေမည်မျှသုံးမည်ဆိုသည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပျံ့ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း လူဦးရေပေါင်း သန်း ၆၀ နီးပါး ကူးစက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူဦးရေမှာ ၁ ဒသမ ၄ သန်းနီးပါး ရှိပြီဖြစ်သည်။

F-05