News

POST TYPE

NEWS

ပဲခူးတိုင်းအတွင်း Stay Home မဟုတ်သည့်မြို့များတွင် စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပြုမည်
23-Nov-2020

ပဲခူး၊ နိုဝင်ဘာ ၂၃

ပဲခူးတိုင်းထဲက Stay Home သတ်မှတ်ထားခြင်းမရှိတဲ့မြို့တွေမှာ A အဆင့်ရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်ကစပြီး ဖွင့်လှစ်ခွင့်ပြုဖို့ စီစဉ်နေပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ့် စားသောက်ဆိုင်တွေ အထဲမှာ KTV နဲ့ စင်တင်တွေတော့ မပါရှိသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက "ခုလက်ရှိက စားသောက်ဆိုင်ပဲဖြစ်တယ်။ KTV လို့ မပြောသေးပါဘူး။ အခုလည်း ခွင့်ပြုထားတာမရှိပါဘူး။ အခုထိတော့မပါသေးဘူး။ စင်တင်ကတော့ အဓိက ကျွန်တော်တို့ ပဲခူးတိုင်းမှာ စင်တင်နဲ့ပတ်သက်တဲ့ Management က လုံ/နယ်ဘက်က ပေါ့။ လုံ/နယ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သက်ဆိုင်ရာကော်မတီကို တင်တော့မှဆုံးဖြတ်မှာပေါ့" လို့ ပြောပါတယ်။

ဒါကြောင့် စားသောက်ဆိုင်တွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် ပဲခူးတိုင်းအတွင်း စတေဟုမ်း သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်အားလုံးကိုလည်း တိုင်းဒေသကြီးကနေ ညွှန်ကြားစာတွေ ထုတ်ပြန်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဆိုင်တွေ ပိတ်ထားရတာလည်းကြာပြီ။ အရင်က ဖွင့်ဆိုတုန်းကလည်း ညွှန်ကြားချက်နဲ့အညီ ဖွင့်ခဲ့တယ်။ တာဝန်ရှိသူက လာစစ်ဆေးတယ်ပြီးမှ ခွင့်ပြုချက်ပေးခဲ့တာပါ။ မဖွင့်ရတာ ကြာတာ့အခက်အခဲတွေရှိလာတယ်။ ဒါကြောင့် အခုဖွင့်ခွင့်ရမယ်ဆိုတော့ တော်တော်ကို ဝမ်းသာမိတယ်။ ကျွန်တော်တို့ဘက်ကတော့ ညွှန်ကြားချက်တွေကို လိုက်နာဖို့အသင့်ပါ" လို့ ပြည်မြို့နယ်ထဲက လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာ စံသတ် မှတ်ချက်တွေနဲ့ကိုက်ညီပြီး A အဆင့် သတ်မှတ်ခြင်းခံရမှသာ ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ စားသောက်ဆိုင် တချို့နဲ့ လက်ဖက်ရည်ဆိုင်တွေက ပါဆယ်စနစ်နဲ့ရောင်းချနေတာရှိသလို၊ ဆိုင်ထိုင်စားသုံးခွင့်ပြုပြီး ရောင်းချနေတာတွေလည်း ရှိနေပါတယ်။  

သိင်္ဂီထွန်း (VOM)