News

POST TYPE

NEWS

လောင်စာသုံးစွဲမှုသက်သာရန် ငါးမီးခိုးတိုက်လုပ်ငန်း ရှေ့ပြေးစီမံချက်ဆောင်ရွက်မည်
23-Nov-2020

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP) အနေဖြင့် အမြတ်ငွေပိုမို ကောင်းမွန်လာစေရန်အတွက် ငါးမီးခိုးတိုက်လုပ်ငန်းကို ရှေ့ပြေးစီမံချက်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှသိရသည်။

Chinbridge Institute က ပြုလုပ်ခဲ့သည့် တန်ဖိုးကွင်းဆက်လေ့လာမှုအရ ကလေးမြို့နယ်တွင် ငါးမြစ်ချင်း မီးခိုးတိုက်လုပ်ငန်းတွင်ကျယ်လျက်ရှိပြီး တစ်နှစ်လျှင် မြန်မာငွေကျပ် ၂ ဘီလီယံဖိုးရှိကာ ၉၀ ရာခိုင်နှုန်းသော ငါးမီးခိုးတိုက်များအား ဈေးကွက်ရှိပြီး ဈေးကောင်းရသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့တင်ပို့လျက်ရှိကြောင်း သိရသည်။

ကလေးမြို့နယ်တွင် ငါးမီးခိုးတိုက်လုပ်ငန်းလုပ်ကိုင်သူ ချင်းနှင့် မီဇိုလူမျိုး ၇ ဦးရှိပြီး နေ့စဉ်ငါးမြစ်ချင်း ၁၆၀၅ ပိဿာခန့်ကို ငါးမီးခိုးတိုက်အဖြစ်ပြုပြင်ပြီး ၄၀၁ ပိဿာထွက်ရှိကာ ယင်းငါးမြစ်ချင်း မီးခိုးတိုက်လုပ်ငန်းသည် ဒေသတွင်း အလားအလာကောင်းသော လုပ်ငန်းတစ်ခုဖြစ် သော်လည်း အခြေခံအရည်အသွေး၊ အစားအစာလုံခြုံရေးနှင့် သန့်စင်ရေးပိုင်းများတွင် လိုအပ်ချက်ရှိနေသေးကြောင်း MYSAP ထံမှ သိရသည်။

မြန်မာရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) အနေဖြင့် အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရှေ့ပြေးစီမံချက်အနေဖြင့် ပိုမိုကောင်းမွန်လာအောင် FTT Thiaroye အား စမ်းသပ်တပ်ဆင်ပေးမည်ဖြစ်ပြီး အမြတ်ငွေပိုမို ကောင်းမွန်စေရန်နှင့် ငါးမီးခိုးတိုက်လုပ်ငန်းကို ရာသီမရွေးလုပ်ကိုင်နိုင်ရန် လောင်စာသုံးစွဲမှုသက်သာပြီး ဖန်လုံအိမ်ဓာတ် ငွေ့လျှော့ချရန် အာဟာရအရည်အသွေး မြင့်မားစေရန် စစ်မှန်ပြီး အရသာပိုမိုကောင်းမွန်စေရန် ရှေ့ပြေးစီမံချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။

S-07