News

POST TYPE

NEWS

အမေရိကန်တွင် ဒီဇင်ဘာလဆန်း၌ ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးပေးနိုင်ရန် မျှော်မှန်း
23-Nov-2020


ဝါရှင်တန် ဒီစီ၊ နိုဝင်ဘာ ၂၃

အမေရိကန်တွင် ဒီဇင်ဘာလလဆန်းပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးနိုင်ရန် မျှော်မှန်းထားကြောင်း အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖန်တီး၊ထုတ်လုပ်၊ ဖြန့်ဖြူးရေး လုပ်ငန်းအဖွဲ့၏ အကြီးအကဲက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဦးရေ ၂၅၅၀၀၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယင်း ပမာဏသည် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအတွင်း သေဆုံးမှု အများဆုံးဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုသည် အလွန်အရေးပါသောအလှည့်အပြောင်းဖြစ်လာမည်ဖြစ်သည်။

"(FDA က) အတည်ပြုပြီးတာနဲ့ ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးနှံတဲ့နေရာတွေကို ဆေးတွေပေးပို့နိုင်ဖို့ စီစဉ်ထားပါတယ်ဟု" ကိုဗစ်ကာကွယ်ဆေး ဖန်တီး၊ ထုတ်လုပ်၊ ဖြန့်ချိရေး​ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းအဖွဲ့ Operation Warp Speed၏ အကြီးအကဲ မွန်ဆက်ဖ်ဆလာအိုရီက CNN သို့ပြောကြားခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက် သို့မဟုတ် ၁၂ ရက်နေ့ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

၉၅ ရာခိုင်နှုန်းအနည်းဆုံးထိရောက်မှုရှိသော Pfizer နှင့် Moderna တို့ ၏ ကာကွယ်ဆေးများကို အတည်ပြုပေးနိုင်ရန် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် FDAကာကွယ်ဆေးအကြံပေးပညာရှင်များ တွေ့ဆုံကြမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း လူ ၁ ဒသမ ၄ သန်းနီးပါးသေဆုံးခဲ့ပြီး ကူးစက်မှု ၅၈ သန်းနီးပါးရှိလာပြီဖြစ်သည်။

ဒီဇင်ဘာလအတွင်း လူ သန်း ၂၀ ခန့် ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဟု ဆလာအိုရီက ခန့်မှန်းထားပြီး ယင်းနောက်ပိုင်းတွင် တစ်လလျှင် လူ သန်း ၃၀ ထိုးနှံသွားမည်ဖြစ်သည်။

ယင်းနှုန်းအတိုင်းဆိုပါက နောင်နှစ် မေလ ရောက်ပါက အမေရိကန် လူဦးရေ သန်း ၇၀ ခန့် ကာကွယ်ဆေးထိုးနှံပြီးဖြစ်မည်ဖြစ်ပြီး ဗိုင်းရပ်စ်သည် ကျယ်ကျယ်ပြန့်ပြန့်ကပ်ရောဂါအသွင် ဆက်လက်ပျံ့နှံ့နိုင်တော့မည်မဟုတ်ဘဲ လူအများ ယခင်ကလို လှုပ်ရှားသွားလာနိုင်တော့မည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်း ကာကွယ်ဆေးအပေါ် အကောင်းမမြင်၊ အယုံအကြည်မရှိသည့်သူများ နည်းပါးလာပြီး လက်ခံသည့်ရာခိုင်နှုန်းများပြားလာရန်လိုအပ်ကြောင်း ဆလာအိုရီက သုံးသပ်သည်။

Gallup စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၁၀ ဦးလျှင် ၄ ဦးက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည်မဟုတ်ဟုပြောကြားထားပြီး ယင်းမှာ စက်တင်ဘာလ က ၁၀ ဦးလျှင် ၅ က ငြင်းသည်ထက် စာလျှင်လျော့လာခြင်းဖြစ်သည်။

အမေရိကန်တွင် ကာကွယ်ဆေးကိုအယုံအကြည်မရှိသော၊ ထိုးနှံမှုကို လက်မခံသော၊​ မိမိတို့ သားသမီးများကို ကာကွယ်ဆေးထိုးမပေးသော Anti-vaxxer ဟု ခေါ်ကြသူများ မကြာသေးမီနှစ်ပိုင်းအတွင်း များပြားလာခဲ့သည်။

မည်သည့်အုပ်စုများကို ကာကွယ်ဆေးစထိုးပေးမည်ဆိုခြင်းကို တာဝန်ရှိသူများက တရားဝင်မကြေညာရသေးသော်လည်း ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးပြီး ယင်းနောက်တွင် သက်ကြီးရွယ်အိုများကို ဦးစားပေးမည်ဟု ယေဘုယျ မျှော်လင့်ရသည်။

ကာကွယ်ဆေးစမ်းသပ်မှုများတွင် ရေတိုဘေးကင်းမှုသာ စစ်ဆေးနိုင်ခဲ့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ကာကွယ်ဆေးများတွင် ဘေးထွက်ဆိုးကျိုးရှိပါက ရက် ၄၀ အတွင်း လက္ခဏာပြလေ့ရှိရာ ယခုဆေးများသည် ရက် ၆၀ အထိ စောင့်ကြည့်စမ်းသပ်ထားပြီးဖြစ်သောကြောင့် ပြဿနာမရှိနိုင်ဟု ဆလာအိုရီက သုံးသပ်သည်။

Pfizer နှင့် Moderna ဆေးများတွင် စောင့်ကြည့်ကာလအတွင်း မည်သည့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိခဲ့ဟုလည်း Operation Warp Speed၏ အကြီးအကဲကဆိုသည်။