News

POST TYPE

NEWS

အီတလီမှ ကိုဗစ် စဖြစ်သည်ဆိုသော အယူအဆကို တရုတ် ဝါဒဖြန့်
21-Nov-2020

ပေကျင်း၊ နိုဝင်ဘာ ၂၁ 

အီတလီတွင် ကနဦး၊ မသိရှိနိုင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုအကြောင်း လေ့လာမှုတစ်ရပ်ကို အသုံးချပြီး တရုတ်နိုင်ငံသည် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ၏ မွေးရပ်မြေဖြစ်သည်ဆိုသော တစ်ကမ္ဘာလုံး အခိုင်အမာလက်ခံထားကြသည့် အယူအဆအပေါ် သံသယဖြစ်စေရန် ကြိုးပမ်းနေကြောင်း New York Post သတင်းစာ ကဖော်ပြသည်။

တရုတ်နိုင်ငံဝူဟန်မြို့သည် ကိုဗစ်စတင်ပျံ့နှံ့ရာ ဗဟိုချက်မဖြစ်သည်ဟု အတည်မပြုမီ သုံးလခန့်အလို စက်တင်ဘာလကတည်းက အီတလီတွင် ယင်း ကူးစက်ရောဂါ ပျံ့ပွားနေပြီဟု သုံးသပ်ထားသော လေ့လာမှုအသစ်တစ်ခုကို တရုတ်က အသုံးချနေခြင်းဖြစ်သည်ဟု လန်ဒန်တိုင်းမ်စ် သတင်းစာကလည်း ဖော်ပြသည်။

ယခင်ကလည်း စပိန်သည် ကူးစက်မှုစတင်ရာနေရာ ဖြစ်နိုင်သည်ဆိုသော အယူအဆကို တရုတ်ကချပြခဲ့သလို၊ ကမ္ဘာ့စစ်ရေးပြပြိုင်ပွဲ (Military World Games)ကျင်းပစဉ် အောက်တိုဘာလအတွင်းက အမေရိကန်စစ်တပ်က တရုတ်ပြည်ကို ရောဂါပိုး သယ်ဆောင်လာခဲ့သည်ဆိုသော အယူအဆကိုလည်း ဖြန့်ဖြူးခဲ့ဖူးသည်။

အီတလီနိုင်ငံ မီလန်မြို့ရှိ အမျိုးသားကင်ဆာအင်စတီကျု၏ လေ့လာမှုအသစ်အရ ကူးစက်မှုသည် တရုတ်တွင်မဟုတ်ဘဲ အီတလီတွင်စခဲ့သည်ဆိုသော အိုင်ဒီယာကို တရုတ်နိုင်ငံပိုင်မီဒီယာများက မီးမောင်းထိုး ဖော်ပြနေကြသည်ဟု လန်ဒန်တိုင်းမ် သတင်းစာကဖော်ပြသည်။

"ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ခြေရာခံတာဟာ သိပ္ပံပညာရှင်တွေပဲ လုပ်သင့်တဲ့ ရှုပ်ထွေးတဲ့ သိပ္ပံမေးခွန်းတစ်ရပ်သာဖြစ်တယ်လို့ အခုတွေ့ရှိမှုက ဖော်ပြနေပါတယ်၊ နိုင်ငံအများအပြား ပါဝင်ပတ်သက်နေနိုင်တဲ့ ဖြစ်ပေါ်ပြောင်းလဲတဲ့ကိစ္စမျိုးပါ"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကျောင်းလိကျန်းက ဆိုသည်။

ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံဝူဟန်တွင် စတင်မတွေ့ရှိမီ မည်သည့်နေရာ၌မဆို တိတ်တဆိတ် ပျံ့ပွားနေခြင်းမျိုးဖြစ်နိုင်သည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သုံးသပ်သည်။

သို့သော်လည်း အီတလီမှ လေ့လာမှုအပေါ် သိပ္ပံပညာရှင်များက သံသယရှိနေကြပြီး တရုတ်တွင် ကိုဗစ်မြစ်ဖျားခံသည်ဆိုသောအချက်ကို ငြင်းနိုင်လောက်အောင် မခိုင်လုံဟု ထောက်ပြကြသည်။

F-05