News

POST TYPE

NEWS

ပြည်ဆေးရုံမှ လူနာသွားပို့သည့်ယာဉ် အင်းမအနီးတွင် မတော်တဆဖြစ်ရာမှ ယာဉ်မောင်းသေဆုံး
21-Nov-2020

တောင်ငူ၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ် အင်းမမြို့ ပျားစည်၊ ကျေးရွာအနီး ရန်ကုန်-ပြည်လမ်း၊ပေါ်၌ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ နာရီကျော်က ပြည်ဆေးရုံကြီးမှ လူနာသွားပို့ယာဉ် ယာဉ်မတော်တဆမှုဖြစ်ရာမှ ယာဉ်မောင်းသေဆုံးခဲ့သည်ဟု ပြည်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ပြောကြားသည်။ 

"ကလေးလူနာသွားပို့ပြီး အပြန်မှာဖြစ်ခဲ့တာပါ။ ယာဉ်မောင်းက ဆေးရုံကြီးက ဝန်ထမ်းအမျိုးသားပါ" ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါနေ့နံနက် ၁ နာရီခွဲခန့်က ရန်ကုန်-ပြည်လမ်းအတိုင်း ပြည်ခရိုင်ဆေးရုံကြီးမှ ယာဉ်မောင်း ဦးအောင်ချိုအေး (၃၂ နှစ်) မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦး လိုက်ပါလာသည့် အရေးပေါ်လူနာတင်ယာဉ်သည် သဲကုန်းမြို့နယ် အင်းမမြို့ ပျားစည်ကျေးရွာအနီးတွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

"ယာဉ်ပေါ်မှာ အမျိုးသားတစ်ဦးပဲအဖော်ပါတယ်။သူကတော့မစိုးရိမ်ရဘူး" ဟု ယင်းနေရာသို့သွားရောက်ကူညီခဲ့သည့် သီတာသုခလူမှုကူညီရေး အသင်းမှ ဦးအောင်နိုင်က ပြောကြားသည်။ 

ထိုအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအောင်ချိုအေးကို အင်းမရဲစခန်း က (ပ)၂၈/၂၀၂၀ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၈ တို့ဖြင့် အမှုဖွင့်ထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။     

R-02