News

POST TYPE

NEWS

စာဆိုတော်နေ့အထိမ်းအမှတ် ကလေးသတင်းစာ အခမဲ့ထုတ်ဝေမည်
21-Nov-2020
မန္တလေး၊ နိုဝင်ဘာလ ၂၁

မန္တလေးမြို့ရှိ ဇာတိမာန်လူငယ်စာဖတ်အသင်းက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ကလေးသတင်းစာ အခမဲ့ထုတ်ဝေမည်ဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

“ဇာတိမာန်လူငယ်စာဖတ်အသင်းအနေနဲ့က ၂၀၁၅ ခုနှစ်ကစပြီး နွေရာသီကျောင်းပိတ်ရက်မှာ ကလေးသတင်းစာသင်တန်းကို နှစ်စဉ်ဖွင့်လှစ် သင်ကြား ပေးခဲ့ပါတယ်။ သင်တန်းဆင်းပွဲ အထိမ်းအမှတ်နဲ့ နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့တွေမှာ ဇာတိမာန်ကလေးသတင်းစာကို အခမဲ့ထုတ်ဝေခဲ့တာပါ။ သင်တန်းသားတွေသာမက အခြားမြို့တွေက ကလေးငယ်တွေကလည်း စာမူတွေပေးပို့ခဲ့ပါတယ်။ အခုလိုထုတ်ဝေရတာက ကလေးငယ်တွေ သတင်းစာပညာကို စိတ်ဝင်စားစေဖို့နဲ့ ကလေးငယ်များရဲ့ အနုပညာအရည်အသွေးကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်”ဟု ဇာတိမာန် လူငယ်စာဖတ်အသင်း တာဝန်ရှိသူ ဦးလှမင်းဦးက ပြောကြားသည်။

ဇာတိမာန်ကလေးသတင်းစာတွင် ပါဝင်ရေးသားလိုသော ကလေးငယ်များအနေနှင့် ဒီဇင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးထား၍ [email protected] သို့ ပေးပို့နိုင်ကြောင်း၊ ယင်းသတင်းစာတွင် ကလေးငယ်များ ရေးသားဖန်တီးထားသည့် သတင်း၊ သတင်းဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ သရော်စာ၊ ပုံပြင်၊ အင်တာဗျူး၊ ဉာဏ်စမ်းပဟေဠိ၊ ကာတွန်း၊ ပန်းချီနှင့်ကဗျာများ ပါရှိမည်ဖြစ်ကြောင်း ဇာတိမာန်လူငယ်စာဖတ်အသင်းက အသိပေးထားသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေလောင်းညွှန့်ရပ်ကွက်တွင်ရှိသည့် ဇာတိမာန်လူငယ်စာဖတ်အသင်းသည် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ ဘုံဆွမ်းလောင်းခြင်း၊ နွေရာသီအင်္ဂလိပ်စာအခမဲ့သင်တန်း ဖွင့်လှစ်ခြင်း၊ ပန်းချီသင်တန်းအခမဲ့ဖွင့်လှစ်ခြင်း၊ ကလေးများအတွက် အခြေခံသတင်းစာပညာသင်တန်း အခမဲ့ဖွင့်လှစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

S-02