News

POST TYPE

NEWS

AA က ဖမ်းထားသည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးသွားမည်ဟုဆို
21-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၁

AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် NLD ပါတီမှ ကိုယ်စားလှယ်လောင်း သုံးဦးကို မည်သည့်နှိပ်စက်မှုများမှ မပြုလုပ်ဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်း အဆင်ပြေပြီး အပြန်အလှန်နားလည်မှုရှိသော အခြေအနေတွင် ၎င်းတို့ ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း AA လက်နက်ကိုင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့အနေနှင့် နိုဝင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့မှုအပေါ်တွင်လည်း အဆိုပါကြေညာချက်တွင် ထည့်သွင်း၍ ချီးကျူးဂုဏ်ပြုခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့အနေနှင့် ရခိုင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ၂၀၂၀ မကုန်ဆုံးခင် ပြုလုပ်ကျင်းပပေးရန် သဘောထားကြေညာ ချက် ထုတ်ပြန်ခဲ့ပြီးနောက် တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်သွားမည့် အပြုသဘောဆောင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် ငြိမ်ချမ်းရေးဖြစ်စဉ် အပြုသဘောဆောင်သည့် အခြေအနေဖြစ်ပေါ်လာသည်ဟု ယူဆချက်များရှိခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ၎င်းတို့ ဖမ်းဆီးထားသော ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးရန် ကြေညာချက်များ ထုတ်ပြန်တောင်းဆိုခဲ့ပြီးနောက်တွင် AA လက်နက်ကိုင်အဖွဲ့ထံမှ ယင်းသို့ အပြုသဘောဆောင်သည့် ကြေညာချက်တစ်စောင်ကို နိုဝင်ဘာလ ၂၁ ရက်က ပြန်လည်ထုတ်ပြန်ခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့အနေနှင့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်သည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

AA လက်နက်ကိုင်အဖွဲ့ကြေညာချက်တွင် ယင်း NLD ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု ဖော်ပြထားသည့်အပြင် NLD အစိုးရထံတွင်လည်း တောင်းဆိုချက်များ ထည့်သွင်းတောင်းဆိုခဲ့သည်။

NLD အစိုးရမှ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော အပြစ်မဲ့ရခိုင် ပြည်သူများ၊ မရေရာသော စွပ်စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းကျခံနေ ရသော ရခိုင်ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ၊ မတရားဖမ်းဆီးခံထားရသော AA လက်နက်ကိုင်အဖွဲ့ဝင်များ၏ ဆွေမျိုး ရင်းချာများ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြ၍ ဖမ်းဆီးခံထားရသော မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားများ စသည့် မတရားသဖြင့် ဖမ်းဆီးထားခြင်း ခံရသူများအားလုံးကို လူသားချင်း စာနာစိတ်ဖြင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် စသည့် တောင်းဆိုချက်များကိုလည်း AA လက်နက်ကိုင်အဖွဲ့က ထည့်သွင်းတောင်းဆိုခဲ့သည်။

ထို့ပြင် NLD အစိုးရအနေနှင့်လည်း ရွေးကောက်ပွဲများ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်၏ မြို့နယ်များတွင် ရွေးကောက်ပွဲများ အချိန်မီပြုလုပ်ပေးပြီး အစိုးရသစ်လွှတ်တော်အခင်းအကျင်းသစ် မစတင်မီ လက်ရှိ NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အမျိုးသားရင်ကြားစေ့ရေးကို လက်တွေ့ဖော်ဆောင်သင့်ကြောင်းလည်း AA ကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

S-04