News

POST TYPE

NEWS

ဒဂုံဆိပ်ကမ်းတွင် အဓိကရုဏ်းဖြစ်ပွားမှု ပြစ်မှုကျူးလွန်သူ ၁၂ ဦးကို ဖမ်းဆီးအရေးယူ
21-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၁ 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ (၈၇) ရပ်ကွက်ရှိ လိုတရ ရွှေစံလှမုန့်တိုက်တွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး အပါဝင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ၁၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါ အဓိကရုဏ်းတွင် ပါဝင်ခဲ့သူများ၏ ဖျက်ဆီးမှုကြောင့် လိုတရပေါက်စီ နေအိမ်ရှေ့အနီးရှိ Hiject ယာဉ်၊ Light Truck ယာဉ် နှင့် Toyota Vitz ယာဉ် တို့မှာ ပျက်စီးခဲ့ပြီး ပေါက်စီလုပ်ငန်း နေအိမ်အတွင်းအပြင်၌ရှိသော ပစ္စည်းများမှာလည်း ဖျက်စီးခံခဲ့ရသဖြင့် ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၈၇)ရပ်ကွက်တွင်နေထိုင်သော အောင်ဆန်း (၄၄) နှစ်၊ ဝိုင်းချစ်(ခ)အောင်သျန်ဝိုင်း (၄၂)နှစ်၊ ဒဂုံဆိပ်ကမ်း (၈၈) ရပ်ကွက်တွင် နေထိုင်သော ကိုမျိုး (ခ)မျိုးနိုင်(၅၀)နှစ်၊ ဇော်အောင်(၃၀)နှစ်၊ အောင်မြင့်ကျော်(၁၉)နှစ်၊ ဇေယျာလင်း (၁၇)နှစ်၊ ဌေးမြင့်(၄၁)နှစ်၊ ဒေါ်မြမြသန်း (၄၉)နှစ်၊ အေးမင်းကို(၃၄)နှစ်၊ သန့်ဇင်ဝင်း (ခ)အညာသား(၃၈)နှစ်၊ ကျော်မိုးနိုင် (၄၅)နှစ်နှင့် နေလင်းစိုး(ခ)ဖိုးစနေ(၃၀)နှစ်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။ 

ထို့ပြင် ယင်းဖြစ်စဉ်မှ မုန့်လုပ်ငန်းပိုင်ရှင် အောင်ကျော်မင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း (ပ)၁၆၄၇/၂၀၂၀၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပုဒ်မ ၃၂၄ အရ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သော စကျော်လင်းထွေး (၁၉)နှစ်မှာ (၈၇) ရပ်ကွက်အတွင်းရှိ လိုတရရွှေစံလှမုန့်တိုက်တွင် အခြားအလုပ်သမားများနှင့်အတူ အလုပ်လုပ်နေစဉ် အလုပ်ရှင် ဦးအောင်ကျော်မင်းက ပေါက်စီမုန့်တွင် အစာသွပ်ရန် ကြက်သွန်နီများ အချိန်မီလှီးဖြတ်မထားသောကြောင့် ဆဲဆိုပြီးလက်ဖြင့် ရိုက်နှက်ခဲ့သည်။ 

ရိုက်နှက်ခံရသော အလုပ်သမားမှာ နာကျင်ဒဏ်ရာများရရှိသဖြင့် နိုဝင်ဘာ ၁၉ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးဝါးကုသမှုခံယူခဲ့ပြီး အဆိုပါဖြစ်စဉ်မှ အလုပ်ရှင်ဖြစ်သူ ဦးအောင်ကျော်မင်း (၃၁)နှစ်ကို ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းမှ (ပ)၁၆၄၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ 

ယင်းနောက် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ နေအိမ်ရှေ့သို့ လူတစ်စုရောက်ရှိလာပြီး ယင်းနေအိမ်ထဲတွင် ကလေးများ ကျန်ရှိနေသောကြောင့် ဝင်ရောက်ရှာဖွေခွင့်ပြုရန် အော်ဟစ်တောင်းဆိုခဲ့ရာ စည်ပင်ဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေသူ အချို့က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသဖြင့် လူအုပ်ထဲမှ အချို့မှာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ 

လူ ၅၀ ဦးခန့်မှာ ဆက်လက်ကျန်နေခဲ့ပြီး ယင်းညတွင် နောက်ထပ် လူအင်အား ၁၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ အတားအဆီးများကို ဖြတ်ကျော်၍ လောက်လေးခွ၊ ခဲများနှင့်ပစ်ခတ်ခဲ့သည်။ 

အဆိုပါ လောက်လေးခွ၊ ခဲများဖြစ့် ပစ်ခတ်မှုကြောင့် အရှေ့ပိုင်းခရိုင် ဒုရဲတပ်ဖွဲ့မှူးမှာ ရှေ့သွားကျိုးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်ည ၁၁ နာရီ၌ လူစုအား ဖြိုခွဲနိုင်ခဲ့သည်။ 

အဆိုပါ ဖြစ်စဉ်တွင် မဟုတ်မမှန်သတင်းထုတ်လွှင့်ပြီး လူစုလူဝေးဖြစ်ပေါ်စေရန် ဆောင်ရွက်သူများနှင့် နေအိမ်၊ ကားများ ဖျက်ဆီးခဲ့သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ပြောကြားသည်။

အလုပ်ရှင်မှ ကိုယ်ထိလက်ရောက်မှု ကျူးလွန်သည်ဟုဆိုကာ အလုပ်ရှင်ကို အလုပ်သမားတစ်ဦးက ရဲစခန်းတွင် (ပ) ၁၆၄၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၂၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုမရှိသည်ကို အခြားအလုပ်သမားက ထွက်ဆိုထား ကြောင်း၊ ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများရှိပါက ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းအလုပ်ရုံသို့ မိဘများကို မိမိတို့၏ သားသမီးများကို ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လုပ်ခလစားများကို လစဉ်ပြန်ပေးရသည်ဟု သိရကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

"အလုပ်သမားတွေကို မိဘထံ မအပ်ခင်အထိ တာဝန်ရှိသူများက သီးသန့်ကာကွယ်စောင့်ရှောက်ထားပါတယ်။ ၉ နှစ်အရွယ် ကလေးတစ်ဦးမှာ မိဘများက ရန်ကုန်မှာ ဆေးလာကုလို့ လိုက်လာသူဖြစ်တယ်လို့ သူ၏ အစ်ကိုက ပြောကြားထားပါတယ်၊ အသက်မပြည့်သူ အလုပ်သမားများကို ခိုင်းစေပါက ဥပဒေနဲ့အညီ တရားစွဲဆိုသွားပါမယ်" ဟု ဦးဇင်မင်းထွေး ကဆိုသည်။

ကောလာဟလသတင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက ၃ ကြိမ်တိုင်တိုင် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေသော်လည်းမတွေ့ရှိရကြောင်း၊ လူအုပ်စုဖြစ်ရသည့် အကြောင်းအရင်းမှာ နေအိမ်အတွင်းတွင် ကလေးများရှိနေသည်ဟု ဆိုသောသူများနှင့် နေအိမ်အတွင်း ဝင်ရောက်လိုသည်ဟု ပြောသူများနှင့် အမည်မသိ လူအုပ်စုမှ မီးရှို့ရန် ပြောဆိုမှုများကြောင့် လူအုပ်စုဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အသေးစိတ်စုံစမ်းဖော်ထုတ်ပြီး သက်သေအချက်အလက်ခိုင်လုံပါက ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇင်မင်းထွေးက ပြောကြားထားသည်။

ယင်းလူစုလူဝေး ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၁ ရက် နံနက် ၁ နာရီအချိန်တွင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် ပေါက်စီစက်ရုံကို အလယ်တွင်ထားရှိပြီး ဘယ်၊ ညာ နှစ်ဖက်တွင် ဒိုင်းများဖြင့်လုံခြုံရေးယူထားကြောင်း၊ လူမှုကူညီကယ်ဆယ်ရေးယာဉ်များလည်း ရောက်ရှိနေကြောင်း၊ ၎င်းတို့ရောက်ရှိချိန်တွင် သေနတ်ဖောက်သံ ၃၊ ၄ ချက်ခန့် ကြားနေရကြောင်း၊ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးခန့် ၊ လူအုပ်ထဲမှ နှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းပေါက်စီစက်ရုံတွင် ကလေးလုပ်သားများကို ညှဉ်းပန်းနှိပ်စက်ပြီး ပိတ်လှောင်ထားသည်ဆိုသော သတင်းကြောင့် လူစူလူဝေးဖြစ်ပေါ်ခဲ့ပြီးရဲတပ်ဖွဲ့မှ အလုပ်သမား ၂၀ ကျော်ခန့် ခေါ်ထုတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပြီး ရဲတပ်ဖွဲ့ နှင့် လူစုဝေးအကြား ပြေလည်မှု မရရှိခဲ့သည့်အတွက် ပဋိပက္ခအသွင် ဖြစ်ပေါ်ခဲ့ရာ ရော်ဘာကျည်ဖြင့် ပစ်ခတ်ထားဆီးခဲ့ရပြီး နေအိမ်နှင့်ကားများ ပျက်စီးမှုရှိခဲ့သည်။

S-03 ၊ S-08