News

POST TYPE

NEWS

မကွေးမြို့ အစိုးရအဖွဲ့အိမ်ရာအနောက်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝင်းအတွင်း ကျူးကျော်နေထိုင်သူများကို အင်အားသုံးဖယ်ရှား
20-Nov-2020


မကွေး၊ နိုဝင်ဘာ ၂၀

မကွေးတိုင်းအစိုးရအဖွဲ့အိမ်ရာအနောက်ဘက်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝင်းအတွင်း ကျူးကျော်နေထိုင်နေကြသည့် ဆိုင်ခန်း ၁၃ ခန်းနှင့် ကျူးကျော်နေအိမ် ၂၆ လုံးကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က အင်အားသုံးကာဖယ်ရှားခဲ့ကြောင်း ယင်းဦးစီးဌာနမှ လက်ထောက်သုတေသနအရာရှိ ဒေါ်ဝင်းဝင်းမာက ပြောသည်။

အဆိုပါကျူးကျော်နေထိုင်သူများအား ၂၀၁၈ ၊ စက်တင်ဘာလကတည်းက ဖယ်ရှားပေးရန်သတိပေးစာထုတ်ပြန်ခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းချက်များအရ ပြောင်းရွေ့နေထိုင်ရန်အခက်အခဲနှင့် ကလေးငယ်များ၏ပညာရေးပြီးဆုံးသည့် ၂၀၁၉ ဧပြီလကျမှသာ ဖယ်ရှားပေးရန် ကတိဝန်ခံချက်ရှိခဲ့သော်လည်း ဖယ်ရှားမပေးသဖြင့် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်​သည်ဟု ၎င်းက ပြောဆိုသည်။

"ဖယ်ပေးပါ့မယ်ဆိုပြီး သူတို့က လက်မှတ်ထိုးကတိဝန်ခံချက်ပေးထားပြီးသားပါ။ ထွက်မပေးတဲ့အတွက် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီး သတိပေးစာအကြိမ်ကြိမ်ပို့ခဲ့တယ်၊ ဒါပေမဲ့သူတိုထွက်မပေးတဲ့အတွက် အခုလိုဖယ်ရှားရခြင်း ဖြစ်ပါတယ်"ဟု စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်သုတေသနအရာရှိ ဒေါ်ဝင်းဝင်းမာက ​ရှင်းပြသည်။

ဆိုင်ခန်းဖယ်ရှားခံရသည့် ဒေါ်ဌေးက" ကိုဗစ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာ ဖယ်ခိုင်းတော့ ဘယ်မှာသွားနေရမလဲ။ မနှင်သင့်ပါဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ ကျွန်မတို့နေရာက ခံစားကြည့်ပါ။ အခုကာလကြီးမှာ ပိုက်ဆံရှိလို့လည်း အိမ်ငှားလို့မရပါဘူး။ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေတဲ့အချိန်မှာ ကျွန်မတို့ရဲ့မြေးတွေ၊ သားသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုစောင့်ရှောက်ကြမလဲ။ အခုလိုကာလကြီးမှာ ရက်ရက်စက်စက်လုပ်ကြမှာလား" ဟု ပြောဆိုသည်။

အဆိုပါဆိုင်ခန်းမြေနေရာများအား လွန်ခဲ့သည့် ၂၇ နှစ်မှစတင်ကာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ပေ ၂၀ လျှင် ကျပ် ၅၀၀၀၀ ပေးဆောင်ကာနေထိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။ R.10
ဓာတ်ပုံ လွင်အေး